Honor က IFA 2020 မှာ ဥရောပအတွက် Pad 6 နဲ့ Pad X6 ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ ရောင်းမယ့် နိုင်ငံတွေကို ကုမ္ပဏီက မပြောသေးပါဘူး။  အဲဒီ တက်ဘလက် ၂ လုံးရဲ့ အဓိက ကွာခြားချက်မှာ မျက်နှာပြင် အရွယ်အစား၊ Memory Configuration ၊ LTE Support နဲ့ အရောင်တွေ ဖြစ်ပါတယ်။ အဲဒါတွေကလွဲပြီး တခြား အစိတ်အပိုင်းတွေက တူညီကြပါတယ်။

ကွဲပြားချက်တွေကို အရင်ဆုံး ပြောပြချင်ပါတယ်။ Honor Pad 6 မှာ ၁၀.၁ လက်မ 1920x1200p မျက်နှာပြင် ၊ 224ppi ၊ 80.6% Screen-to-body Ratio တွေ ထည့်သွင်းထားပါတယ်။ Blue Light ကို လျှော့ချပေးတဲ့ TUV Rheinland အသိအမှတ်ပြုလက်မှတ်ရထားပါတယ်။ 3/32GB နဲ့ 4/64GB Version ၂ မျိုး ထုတ်လုပ်ထားပြီး Space Gray ၁ ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ WiFi Only နဲ့ WiFi+LTE Version ၂ မျိုးထဲက ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

Honor Pad X6 ရဲ့ Specs တွေကို ပြောရရင် ၉.၇ လက်မ 1280x800p မျက်နှာပြင်၊ 156ppi ၊ 75% Screen-to-body Ratio တွေ ထည့်သွင်းထားပါတယ်။ WiFi Only နဲ့ 3/32GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပြီး အရောင်ကလည်း Neo Mint ၁ မျိုးပဲ ဝယ်ယူနိုင်မှာပါ။

တက်ဘလက် ၂ လုံးရဲ့ တူညီတဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ အဲဒီ တက်ဘလက် ၂ လုံးစလုံးမှာ HiSilicon Kirin 710A SoC မောင်းနှင်ထားပြီး 5MP အနောက်ကင်မရာနဲ့ 2MP အရှေ့ ကင်မရာ ထည့်သွင်းထားပါတယ်။ IPS LCD မျက်နှာပြင် အမျိုးအစား သုံးထားပြီး ၁၆.၇ သန်း အရောင်နဲ့ 10-Point Multi-touch ထောက်ပံ့ထားပါတယ်။

နားကြပ်ပေါက် မထည့်သွင်းထားဘဲ USB Type-C to 3.5mm Adaptor ဘူးထဲ ထည့်ပေးထားပါတယ်။ Dual-band WiFi 5 , Bluetooth 5.1 , Dual-speaker နဲ့ microSD Card Slot ပါလာပါတယ်။ Android 10 အခြေပြု Magic UI 3.1 နဲ့ 10W Charging ပါတဲ့ 5,100mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina