Laptop တွေကို ဘယ်လိုပဲ သန့်ရှင်းအောင်သုံးပါစေ တစ်ချိန်ချိန်မှာတော့ ညစ်ပေနေတာ၊ စားကြွင်းစားကျန်အစအနတချို့ကပ်နေတာ၊ ဖုန်တက်နေတာမျိုးကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့် ကီးဘုတ်တစ်ဝိုက်မှာ သန့်ရှင်းရေးလုပ်ပေးစရာတွေ တွေ့ရတတ်တာပါပဲ။

အခြားတစ်ဖက်ကပြောမယ်ဆိုရင် ကီးဘုတ်ဟာ ဘက်တီးရီးယားတွေ အများဆုံးပေါက်ဖွားရှင်သန်နိုင်တဲ့နေရာဖြစ်ပါတယ်။ ပြီးတော့ သန့်ရှင်းရေ:လုပ်ရတာ ပျင်းစရာအကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်နဲ့အမြဲတမ်းထိတွေ့နေရတဲ့ကီးဘုတ်ကို အမြဲတမ်းလိုလို ဂရုတစိုက်နဲ့ သန့်ရှင်းရေ:လုပ်ပေးသင့်ပါတယ်။

ကီးဘုတ်ကိုသန့်ရှင်းရေလုပ်ရတာဟာ မခက်ခဲဘူးဆိုပေမဲ့ အခန့်မသင့်ရင် ကီးလေးတွေပျက်သွားတတ်ပါတယ်။ များသောအားဖြင့် စိတ်ရှည်လက်ရှည်နဲ့မလုပ်ဘဲ အားသုံးပြီးကြမ်းကြမ်းတမ်းတမ်းလုပ်မိတတ်တာ၊ အရည်တစ်မျိုးမျိုးနဲ့ အလွယ်တလူသုတ်ပစ်လိုက်တာမျိုးကြောင့်ပါပဲ။ ဒါကြောင့် ကီးဘုတ်ကိုသန့်ရှင်းရေ:လုပ်မယ်ဆိုရင် အနည်းငယ်စိတ်ရှည်ရှည်ထားဖို့တော့ လိုအပ်ပါတယ်။

ကီးဘုတ်ကိုသန့်ရှင်းရေ:လုပ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ Laptop ကို ပလပ်ဖြုတ်ထားပြီး၊ ပါဝါပိတ်ထားတာ အကောင်းဆုံးပါပဲ။ ဖွင့်ထားရင်းနဲ့လုပ်မယ်ဆိုရင်တော့ ကီးတွေကိုနှိပ်မိတတ်တာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ပစ္စည်းတစ်ခုခုကို သန့်ရှင်းရေ:လုပ်မယ်ဆိုရင် ပါဝါဖြတ်တောက်ထားရမှာက ဦးစားပေးဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ Laptop ကို မှောက်လျက်သားအနေအထားနဲ့ထားပြီး ဘေးဘောင်ကို၊ ဒါမှမဟုတ် ကျောဘက်ကို ခပ်ဖြည်းဖြည်းပုတ်ပါ။ ဒါက ကြီးမားတဲ့ အစအနတွေကို အလွယ်တကူပြုတ်ကျသွားစေပါလိမ့်မယ်။ နောက်တစ်ချက်က ဒီအစအနတွေ ကီးတွေအောက်ပြန်ရောက်သွားမှာကိုလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

ကီးဘုတ်ပေါ်က ကီးတွေကြား၊ ချောင်ကျတဲ့၊ ကျဉ်းတဲ့နေရာတွေကဖုန်မှုန့်တွေအတွက်တော့ သွားပွတ်တံလိုမျိုး နည်းနည်းမာတဲ့ ဘရပ်ရှ်ကို အသုံးပြုပြီး သန့်ရှင်းနိုင်ပါတယ်။ ဘရပ်ရှ်နဲ့သန့်ရှင်းနေစဉ်မှာလည်း Laptop ကို ပြောင်းပြန်အ နေအထား (မှောက်လျက်သား) ရှိနေဖို့လိုပါတယ်။ တတ်နိုင်ရင်တော့ ဘရပ်ရှ်အစား လေစုပ်ကိရိယာ (Compressed air) သုံးတာပိုကောင်းပါတယ်။

ကီးဘုတ်ပေါ်ကို အနည်းငယ်စိုစွတ်တဲ့ Microfiber အဝတ်စနဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ချက်ချင်းဆိုသလို ခြောက်သွေ့သွားအောင် အဝတ်စနဲ့ပြန်သုတ်ပါ။ ကီးဘုတ်ပေါ်မှာ ကပ်သပ်ပြီးကျန်နေတဲ့ အညစ်အကြေးကွက်တွေအတွက်တော့ ဂွမ်းမှာအရက်ပျံခပ်ပျော့ပျော့စွတ်ပြီး သုတ်သင်နိုင်ပါတယ်။ အယ်လ်ကိုဟောက ရေထက်အငွေ့ပျံနှုန်းပိုမြန်ပြီး၊ ခြောက်တာပိုမြန်တယ်ဆိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးရင် အချိန်အနည်းငယ်ပေးပြီး အခြောက်ခံသင့်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ အကြံပေးချင်တာကတော့ ကီးဘုတ်ကို ပိုးသတ်မယ်ဆိုရင် Spray ဖြန်းတာမျိုးအစား ပိုးသတ်ဆေးရည်ကို အဝတ်တစ်ခုမှာစွတ်ပြီး သုတ်တာမျိုး၊ ဒါမှမဟုတ် အဝတ်စမှာပိုးသတ်ဆေးစွတ်ထားပြီး (ရွှဲနစ်နေအောင်မစွတ်ဘဲ) ကီးဘုတ်ပေါ်အုပ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။

Ref: Apartment Therapy