စမတ်ဖုန်းတွေဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ မရှိမဖြစ်အနေနဲ့ ပါဝင်လာပြီဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ကိုယ်ပိုင် Personal Data တွေနဲ့ အရေးကြီးအချက်အလက်တွေအကုန်လုံးကလည်း စမတ်ဖုန်းပေါ်မှာပဲ ရှိနေတာပိုများပါတယ်။

အဲ့ဒီအတွက် ကိုယ့်ရဲ့ စမတ်ဖုန်းကို Spy ပြုလုပ်ခံရတာ (သို့မဟုတ်) Tracking လိုက်ခံနေရပြီဆိုရင် ကိုယ့်ရဲ့ Personal Information အကုန်လုံးကလည်းပေါက်ကြားသွားမှာပါ။ အခု Article မှာတော့ ကိုယ့်ရဲ့ စမတ်ဖုန်းကို Tracking ပြုလုပ်နေလားဆိုတာကို သိရှိနိုင်မယ့်အချက်အချို့ကို ဖော်ပြပေးသွားမှာပါ။ တစ်ခုရှိတာကတော့ အခုအချက်တွေဟာ လုံးဝရာနှုန်းပြည့်မှန်ကန်တာမျိုးမဟုတ်ပေမယ့် ဒီအချက်တွေဖြစ်နေပြီဆိုရင် ပိုပြီး ဂရုစိုက်သုံးစွဲသင့်ပါတယ်။

(1) တချို့သောအချိန်တွေမှာ ရသင့်သလောက် စွမ်းဆောင်ရည်မရရှိခြင်း

ကိုယ့်ရဲ့ ဖုန်းမှာ Spyware တွေရှိနေပြီဆိုရင် အမြဲတမ်းနောက်ကွယ်မှာ အလုပ်လုပ်နေတဲ့အတွက် ဖုန်းရဲ့ CPU ၊ RAM Usage က အမြဲလိုလိုမြင့်တက်နေမှာဖြစ်ပါတယ်။ အဲ့ဒါက တကယ်လို့ ဂိမ်းဆော့တဲ့အချိန်နဲ့ တချို့သောအချိန်မျိုးမှာ ယခင်တုန်းကလိုမျိုး စွမ်းဆောင်ရည်ကို မရရှိတော့ဘဲ သိသိသာသာကို နှေးကွေးသလို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး နှေးကွေးနေတာက ဖုန်းကို သုံးစွဲတဲ့သက်တမ်းပေါ်လည်း မူတည်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သံသယဖြစ်စရာကောင်းလောက်အောင် နှေးကွေးတာမျိုးမှပဲ Spyware တွေရှိနေပြီလို့ ယူဆနိုင်ပါတယ်။

(2) Battery သက်တမ်း ရုတ်တရက်ကျဆင်းလာခြင်း

ဒါကလည်း အခုနကပြောသလိုမျိုးပဲ Spyware တွေက ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်းသုံးစွဲနေတဲ့အတွက်ကြောင့် Battery သက်တမ်းကလည်း ယခင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန်ကုန်ဆုံးလာမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း Application တွေ၊ ဂိမ်းဆော့ကစားတာတွေကြောင့် Battery ကုန်တာမျိုးမဟုတ်ဘဲ ဘာမှအသုံးပြုခြင်းမရှိတဲ့အချိန်တွေမှာပါ Battery စားသုံးမှုမြင့်မားနေတယ်ဆိုရင်တော့ သေချာပြန်စစ်ဆေးသင့်ပါတယ်။ တချို့သောအချိန်တွေမှာ Battery ရုတ်တရက်ကျဆင်းတာက Spyware တွေက GPS Location တွေ၊ Mic Audio တွေကို ယူသုံးနေတာကြောင့်လည်း ဖြစ်နိုင်ပြီး GPS Permission တွေ၊ Mic Audio Permission တွေကိုလည်း ပြန်လည်စစ်ဆေးဖို့ လိုအပ်မှာပါ။

(3) Internet အသုံးပြုတဲ့ Data ပမာဏမြင့်မားလာခြင်း

ကိုယ့်ဖုန်းကို Spyware တွေနဲ့ Tracking ပြုလုပ်နေတယ်ဆိုတာက တနည်းအားဖြင့် ကိုယ့်ဖုန်းရဲ့ Data တွေကိုပါ အမြဲတမ်းပေးပို့နေတာဖြစ်ပါတယ်။ အဲ့ဒါက ကိုယ့်ရဲ့ Internet အသုံးပြုမှု Data ကိုပါ မြင့်တက်စေမှာဖြစ်ပြီးတော့ ပုံမှန်မဟုတ်ဘဲ မသိတဲ့ Application တစ်ခုခုက Background မှာ Internet Data ကို အမြောက်အများသုံးစွဲနေတယ်ဆိုရင် ဒါက သံသယဖြစ်ဖို့ကောင်းနေပါပြီ။ အခုလိုမျိုး Internet Data ကို ဘယ် Application တွေက သုံးစွဲနေသလဲဆိုတာကိုတော့ Setting – Network & Internet ထဲက Data Usage ကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

(4) ဘာမှအသုံးမပြုနေတဲ့အချိန်မှာပါ ဖုန်းက ရုတ်တရက်ပူလာခြင်း

ပုံမှန်အားဖြင့် အခုနောက်ပိုင်းစမတ်ဖုန်းတွေဟာ ဂိမ်းဆော့နေတဲ့အချိန်၊ အားသွင်းနေတဲ့အချိန်နဲ့ Mobile Data နဲ့နေ့လယ်ဘက် ဖုန်းသုံးနေရတဲ့အချိန်တွေမှာ ပူတာကတော့ ပုံမှန်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းက ဘာမှအသုံးပြုနေခြင်းမရှိတဲ့အချိန်တွေမှာပါ ပူနေတာမျိုး၊ ဒါမှမဟုတ် ပုံမှန် Wi-Fi နဲ့ Social Media သုံးနေတဲ့အချိန်တွေမှာပါ ရုတ်တရက် ပူလာတာမျိုးရှိလာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ ဒီအချက်က ဖုန်းပေါ်မှာလည်း မူတည်ပြီးတော့ တခါတလေမှာ Battery လဲလှယ်ဖို့ လိုအပ်တဲ့အချိန်မှာလည်း ဖုန်းက သာမန်အသုံးပြုမှုတွေမှာပါ ပူလာတတ်ပါတယ်။

(5) ဖုန်းပြောဆိုတဲ့အချိန်မှာ အမြဲတမ်း အသံ ၂ ထပ် (သို့) တခြားသောအသံတွေကြားနေရခြင်း

Tracking App တွေ၊ Spyware တွေဟာ ဖုန်းပြောဆိုမှုကိုလည်း အမြဲတမ်းဖမ်းယူလေ့ရှိပြီး အဲ့ဒီလိုမျိုး ပြုလုပ်ခံနေရပြီဆိုရင် ဖုန်းပြောဆိုတဲ့အချိန်တွေမှာ ကိုယ့်အသံက ၂ ထပ်ကြားနေရတာမျိုး၊ ဒါမှမဟုတ် တခြားသော ထူးဆန်းတဲ့အသံတွေကိုကြားရတတ်ပါတယ်။ တခါတလေမှာ လိုင်းမကောင်းတဲ့အချိန်မျိုးမှာ ဒီလိုဖြစ်တာက သာမန်ပေမယ့် အမြဲတမ်းနီးပါးဖြစ်နေပြီဆိုရင်တော့ Tracking ပြုလုပ်ခဲ့ရတာဖြစ်နိုင်ပါတယ်။ အကောင်းဆုံးဖြေရှင်းနိုင်တဲ့အချက်ကတော့ ဖုန်း SIM Card ကို အချိန်တစ်ခုအထိ တခြားစမတ်ဖုန်းနဲ့ပြောင်းလဲအသုံးပြုကြည့်တာဖြစ်ပြီး တကယ်လို့ ဒီလိုဖြစ်ရပ်တွေဆက်မဖြစ်တော့ဘူးဆိုရင်တော့ Tracking ပြုလုပ်ခံရတာ သေချာသလောက်လို့ပြောနိုင်ပါတယ်။

(6) ဖုန်းမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့နေရခြင်း

ဒီလိုမျိုး Spyware တွေရှိနေပြီဆိုရင် ကျိန်းသေပေါက် ဖုန်းကိုအသုံးပြုရတာက ပုံမှန်အတိုင်းဖြစ်နိုင်ခြေနည်းပါးပါတယ်။ တခါတရံ ဖုန်းက အလိုအလျောက် Reboot ကျနေတာမျိုးတွေ၊ ကိုယ်အသုံးပြုနေတဲ့ Telecom (သို့) App တွေက မဟုတ်ဘဲ မသိတဲ့ Message တွေဝင်ရောက်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နောက်ထပ်လည်း ပုံမှန်ကြားနေကြမဟုတ်တဲ့ Notification အသံတွေကိုလည်း ကြားနေရတာမျိုးဖြစ်နိုင်ပြီး ကိုယ်မသိလိုက်ဘဲ File တွေကို Download ပြုလုပ်နိုင်ပါတယ်။

နောက်ထပ် Spyware ထည့်သွင်းခံရရင် အဖြစ်များတာကတော့ ဖုန်းကို Screen ပိတ်ထားတဲ့အချိန်မှာ Notification ဝင်တဲ့ပုံစံမျိုးနဲ့ Screen လင်းလာပြီးတော့ ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ဘာမှ Notification မဝင်ထားဘူးလို့ ပြနေတာဖြစ်ပါတယ်။ တခါတလေမှာလည်း ဖုန်းကို Power Off ၊ Reboot နှိပ်လိုက်ပေမယ့်လည်း ဘာမှမဖြစ်တာမျိုးကလည်း ဒီ Spyware App တွေက ပိတ်လို့မရအောင် တားဆီးထားတာကြောင့်ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကတော့ ကိုယ့်ရဲ့ ဖုန်းမှာ Tracking App ၊ Spyware App တွေ ဝင်ရောက်နေလားဆိုတာကို စစ်ဆေးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ဒီလိုမျိုး Tracking ပြုလုပ်ခံရပြီလို့ သံသယရှိရင် အရင်ဆုံး ဖုန်းကို Factory Reset ပြုလုပ်ပြီး Application တွေကို အစကနေ ပြန်ထည့်ပြီး ပြန်လည်အသုံးပြုကြည့်သင့်ပါတယ်။ တကယ်လို့ Factory Reset ပြုလုပ်ပြီးတာတောင်မှ အလားတူအခြေအနေတွေ ဖြစ်နေတုန်းဆိုရင်တော့ Official Service Center တွေကို သွားရောက်ပြသသင့်ပါတယ်။

ဒီလိုမျိုး Spyware App တွေဟာ App Store ၊ Play Store လိုမျိုး Official Store မဟုတ်တဲ့နေရာတွေကနေ App Install လုပ်မိတာနဲ့ တခါတလေမှာ Web Browsing History မှာ Malware Website တွေ၊ Link တွေကို နှိပ်မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

Ref – Android Authority