Foldable စမတ်ဖုန်းတွေ ဈေးကွက်ကိုစပြီးထိုးဖောက်တော့ Huawei ဟာ Samsung ထက် ဈေးကွက်ဦးဖို့ ကြိုးစားခဲ့ပါတယ်။ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးနှစ်ခုရဲ့ တာထွက်ကကောင်းမွန်ခဲ့ပေမယ့်၊ ပြီးခဲ့တဲ့နှစ်မှာတော့ တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ အကြောင်းအမျိုးမျိုးကြောင့် ခြေတစ်လှမ်းချင်း နောက်ကျလာတာကို တွေ့ရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Foldable မော်ဒယ်မျိုးစုံနဲ့ ဈေးကွက်ကို ချုပ်ကိုင်ထားခဲ့ပေမယ့် Huawei ကတော့ ဖေဖော်ဝါရီမှာ Mate Xs ကိုကြေညာပြီးတဲ့နောက်ပိုင်း ငြိမ်သက်နေခဲ့တာပဲ ဖြစ်ပါတယ်။ Huawei Fan တွေအနေနဲ့ Huawei Mate X2 ကို ကြေညာမယ်လို့မျှော်လင့်ခဲ့ကြတာ ဒီနေ့အထိပါပဲ။

ကနဦးသတင်းတွေမှာတော့ Huawei Mate X2 ကို ဒီလထဲမှာ ကြေညာမယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် Leakster Teme (@RODENT950) ကတော့ ကုမ္ပဏီဟာသူတို့ရဲ့ Foldable device မိတ်ဆက်မယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပြန်ပြီလို့ ဖော်ပြခဲ့ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ ရက်အတိအကျတော့ မသိရသေးပါဘူး။

Huawei အနေနဲ့ Mate X2 ကို ဘာကြောင့်ရွှေ့ဆိုင်းရလဲဆိုတဲ့ အကြောင်းပြချက်ကိုမသိရပေမယ့် ဖြစ်နိုင်ခြေက ကုမ္ပဏီရဲ့ လက်ရှိ Chipset ပိုင်းဆိုင်ရာအခြေအနေကြောင့် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ Huawei P50 ကိုလည်း ဒီသုံးလပတ်ထဲမှာ မိတ်ဆက်ဖို့ အစီအစဉ်ချထားတာကြောင့် Kirin 9000 အပါအဝင် ကန့်သတ်မှုအောက်က Chipset တွေကိစ္စက ရိုက်ခတ်မှုတစ်ခုလို ဖြစ်နေတယ်လို့ ယုံကြည်ရပါတယ်။

Huawei Mate X2 ဟာ Samsung Galaxy Z Fold 2 လိုပဲ အတွင်းဘက်ကိုခေါက်သိမ်းတဲ့ဒီဇိုင်းဖြစ်တယ်လို့ အစောပိုင်းကဖော်ပြခဲ့ကြပေမယ့်၊ လွန်ခဲ့တဲ့လအနည်းငယ်ကထွက်ပေါ်လာတဲ့ ထုတ်ကုန်ရဲ့ပေါက်ကြားရုပ်ပုံအရ အပြင်ဘက်ကိုပဲ ခေါက်တဲ့ပုံစံအဖြစ် မြင်တွေ့ကြရပါတယ်။ ဒါကြောင့် အခုအချိန်အထိ Mate X2 ရဲ့ ဒီဇိုင်းကို အတည်ပြုလို့မရနိုင်သေးတာလည်း ဖြစ်ပါတယ်။

Ref: Gizmochina