Infinix ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ကို Feature အသစ်တွေကို တီထွင်ပြသနေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလည်း စမတ်ဖုန်းကုမ္ပဏီတွေကြားထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Fast Charging နည်းပညာအသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

ဒါကတော့ All-Round FastCharge လို့ နာမည်ပေးထားတဲ့ Fast Charging နည်းပညာဖြစ်ပြီး Wired Charging အနေနဲ့ 260W နှုန်းနဲ့ အားသွင်းနိုင်မယ့်အပြင် Wireless Charging ကနေလည်း 110W အထိ အမြန်အားသွင်းနိုင်မှာဖြစ်ပါတယ်။ 260W Wired Charging နဲ့အားသွင်းတဲ့အချိန်မှာ 0-25% ကို ၁ မိနစ်အတွင်းအားသွင်းနိုင်ပြီး 100% ပြည့်ဖို့ အချိန် ၈ မိနစ်အောက်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ တကယ်လို့ Wireless နည်းလမ်းနဲ့ အားသွင်းမယ်ဆိုရင်လည်း 0-100% အားသွင်းဖို့ကို အချိန် ၁၆ မိနစ်ပဲ ပေးရမှာပါ။

ယခု Infinix ရဲ့ 260W Charging စနစ်ဟာ လွန်ခဲ့တဲ့ ၉ လဝန်းကျင်တုန်းက မိတ်ဆက်ခဲ့တဲ့ 180W Thunder Charge ရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ အခုနည်းပညာဟာ Dual 8C Battery တွေအစား Single 12C Battery ကိုပြောင်းလဲအသုံးပြုပြီး 4-pump Circuit Design ကို အသုံးထားတယ်လို့ သိရပါတယ်။

Infinix ရဲ့ ပြောကြားချက်အရ အခုနည်းပညာဟာ Charging Efficiency ပိုင်းမှာ 98.5% အထိရှိပြီး Battery Health ပိုင်းမှာလည်း 4400mAh Battery ဟာ Cycle Count ၁,၀၀၀ ပြည့်သွားတဲ့အချိန်မှာ 90% အထိ ကျန်ရှိဦးမှာဖြစ်ပါတယ်။ Charger ကလည်း GaN နဲ့ AHB Circuit Infrastructure တွေကို အသုံးပြုထားတာကြောင့် အလွန်သေးငယ်ပြီး Infinix အနေနဲ့ 260W Charging ကို ခံနိုင်ရည်ရှိတဲ့ 13A Cable ကိုပါ တီထွင်ခဲ့ရပါတယ်။

110W Wireless Charging ပိုင်းမှာလည်း Charging Coil နဲ့ Charger ကို Custom Design ပြုလုပ်ထားပြီး အားသွင်းနေတဲ့အချိန်မှာဖုန်းအပူချိန်ကို လျော့ချပေးနိုင်အောင် ပြုလုပ်ထားပါတယ်။ Charger ဟာ Dual-coil Design ဖြစ်တာကြောင့် Vertical နဲ့ Horizontal Charging ၂ မျိုးစလုံးအသုံးပြုနိုင်မှာဖြစ်သလို အပူကို ဖယ်ရှားနိုင်ဖို့အတွက် Fan လည်းပါဝင်မှာဖြစ်ပါတယ်။

Infinix ရဲ့ပြောကြားချက်အရ ယခု All-Round FastCharge နည်းပညာကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို ယခုနှစ်အတွင်း မိတ်ဆက်သွားဖို့ရှိတဲ့အတွက် မကြာခင်မှာ တရားဝင်စျေးကွက်အတွင်းမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena