DXOMARK က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ စမတ်ဖုန်းတွေရဲ့ ဘက်ထရီ စမ်းသပ်မှု ရလာဒ်တွေကို မျှဝေလိုက်ပြီး Apple iPhone 13 Pro ဟာ ၇၆ မှတ်ရသွားကာ Motorola Edge 20 Pro , Galaxy S21 Ultra နဲ့ OnePlus 9 Pro တို့ထက် သာသွားပါတယ်။ အဲဒီ Android ဖုန်းအားလုံးမှာ ပိုကြီးတဲ့ ဘက်ထရီတွေ ထည့်သွင်းထားပေမယ့် iPhone 13 Pro ရဲ့ ဘက်ထရီ စွမ်းရည်က ပိုကောင်းနေတာပါ။ iPhone 13 Pro Max ရဲ့ ဘက်ထရီ စွမ်းရည်က ပိုကောင်းပြီး ၈၉ မှတ်ရထားပါတယ်။

iphone 13 pro dxomark battery

iPhone 13 Pro မှာ 3,095mAh ဘက်ထရီ ထည့်သွင်းထားပြီး သာမာန်သုံးရင် ၂ ရက်လောက် အသုံးခံတယ်လို့ DXOMARK ရဲ့ စမ်းသပ်ချက်အရ သိရပါတယ်။ DXOMARK က နေ့စဉ် အသုံးပြုမှု ပုံစံ အားလုံး အပေါ်အခြေခံကာ အခုစမ်းသပ်မှုကို ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

iphone 13 pro dxomark battery charging

DXOMARK က ခရီးသွားချိန် ဘက်ထရီ သက်တမ်းကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ခရီးသွားချိန်မှာ Cellphone Network Selection နဲ့ ပတ်သက်တဲ့ Signal ကို အဆက်မပြတ် ဖမ်းယူနေတာကြောင့် ဘက်ထရီ ပိုစားတဲ့အတွက် ဒီစမ်းသပ်ချက်က အကျိုးရှိပါတယ်။ ဒီ စမ်းသပ်ချက်မှာ iPhone 13 Pro ဟာ ပျမ်းမျှ စွမ်းဆောင်ရည်ထက် သာလွန်နေပါတယ်။

အားသွင်းနှုန်းအကြောင်းပြောရရင် iPhone 13 Pro ဟာ ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ ၁ နာရီနဲ့ ၃၄ မိနစ် ကြာပြီး ၈၀ ရာခိုင်နှုန်းပြည့်ဖို့အတွက် ၄၉ မိနစ်ပဲ ကြာပါတယ်။ iPhone 13 Pro ဟာ ကဏ္ဍပေါင်းစုံမှာ ဘက်ထရီ စားသုံးမှု သက်သာတာကို တွေ့ရတယ်လို့ DXOMARK က ပြောပါတယ်။

Ref : gizmochina