Foxconn ဟာ ဝန်ထမ်းငှားရမ်းမှုကို ဆိုင်းငံ့ထားတာကြောင့် Apple အနေနဲ့ သူ့ရဲ့ iPhone 14 စီးရီးထုတ်လုပ်တပ်ဆင်မှုတွေ နှောင့်နှေးပြီး ဈေးကွက်ထဲပို့ဆောင်ချိန်နောက်ကျမှာ စိုးရိမ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါကြောင့် Apple က Foxconn ကို ဝန်ထမ်းဦးရေတိုးမြှင့်ပေးဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါပိုးအသစ် ပျံ့ပွားမှုဖြစ်နေတာကြောင့် တရုတ်အစိုးရက ခုနစ်ရက်ကြာ Lockdown ပြုလုပ်ထားတာကြောင့် Foxconn ဟာ Zheingzhou စက်ရုံမှာ အလုပ်ခန့်ခြင်းကို ရပ်ဆိုင်းထားတယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။ Foxconn ကတော့ iPhone 14 ထုတ်လုပ်မှုအတွက် ကြိုတင်ပြင်ဆင်ပြီး iPhone 13 ထုတ်လုပ်မှုကိုလည်း အနှောင့်အယှက်မဖြစ်အောင် ရာသီပိတ်ကာလအဖြစ် အလုပ်သမားတွေကိုဆွဲဆောင်ဖို့အတွက် ဆုကြေးငွေတွေကို တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း အခုအချိန်အထိတော့ ကုမ္ပဏီဟာ တပ်ဆင်မှုလိုင်းလုပ်သားတွေငှားရမ်းခြင်းကို ဆိုင်းငံ့ထားတုန်းဖြစ်ပါတယ်။ စက်ရုံနဲ့ အဆောင်တွေမှာ ဝန်ထမ်းတွေကို ထားရှိတဲ့နည်းနဲ့ချည်နှောင်ထားတာကြောင့် Zhengzhou စက်ရုံရဲ့ ထုတ်လုပ်ခြင်းအပိုင်းကတော့ ထိခိုက်မှုရှိလာမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

Foxconn ရဲ့ Zhengzhou စက်ရုံတွေဟာ ကမ္ဘာ့ iPhone တွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ တပ်ဆင်ပေးနေတာဖြစ်ပြီး အကယ်၍ တရုတ်အစိုးရက Lockdown သက်တမ်း တိုးမြှင့်လာခဲ့ရင်တော့ iPhone 14 ရဲ့ ထုတ်လုပ်မှုအချိန်ဇယားအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ တရုတ်နိုင်ငံတွင်း Covid-19 ပိတ်ဆို့မှုတွေကြောင့် သူ့ရဲ့ထောက်ပံ့ရေးကွင်းဆက် ထိခိုက်စေနိုင်တယ်လို့ Apple ကလည်း သတိပေးထားပြီး ဖြစ်ပါတယ်။

Ref: Phone Arena