နောက်ဆုံးမှာတော့ Apple ဟာ သူ့ရဲ့ iPhone တွေမှာ Lighting တွေကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါပြီ။ ဥရောပကော်မရှင်ဟာ USB-C ကို ဘုံသုံးအဖြစ်သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ပြီးနောက်ပိုင်းမှာ သိသာထင်ရှားတဲ့ အရွေ့တွေလည်း ဖြစ်ပေါ်လာခဲ့တာပါ။

တရားဝင်မဟုတ်ပေမဲ့ iPhone X အချို့မှာ USB-C ကို ပြောင်းလဲတပ်ဆင်ပြီး အောင်မြင်ခဲ့သလို မြင့်မားတဲ့ဈေးနှုန်းနဲ့ လေလံတင်ရောင်းချရမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ဒါဟာ သုံးစွဲသူတွေက Lighting connector ထက် USB-C ကို ပိုပြီးတော့ လိုအပ်မယ်ဆိုတဲ့ ယူဆချက်ကိုလည်း ခိုင်မာလာစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Apple သတင်းတွေနဲ့ပတ်သက်ရင် စိတ်ချရတဲ့ သုတေသီ Ming-Chi Kuo ကလည်း iPhone 15 ဟာ Lighting အစား USB-C အသုံးပြုတဲ့ ပထမဆုံး iPhone ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ Kuo ဟာ ထောက်ပံ့ရေးကွင်းဆက်ကနေရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး ပြောဆိုခဲ့တာလို့ ယုံကြည်ရပါတယ်။

Apple ဟာ သူ့ရဲ့ Lighting port ကို USB-C နဲ့ အစားထိုးမယ်ဆိုတဲ့ ကောလာဟလတွေက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ ဒီအပြောင်းအလဲကို iPhone 14 မှာ စတင်ပြီးတွေ့မြင်လာရမယ်လို့ ကောလာဟလထွက်ခဲ့ပေမဲ့ အခုသတင်းအရ iPhone 14 စီးရီးဟာ Lighting တပ်ဆင်ထားတဲ့ နောက်ဆုံး iPhone စီးရီးပဲ ဖြစ်လာနိုင်ပါတော့တယ်။

Apple ဟာ Entry-level iPad နဲ့ AirPods lineup တွေကိုပဲ ချန်ထားခဲ့ပြီး Device အများစုမှာ USB-C ကို တပ်ဆင်ပေးနှင့်ပြီး ဖြစ်ပါတယ်။ ချန်လှပ်ထားတဲ့ထဲမှာ iPhone တွေပါဝင်နေပေမဲ့ မကြာခင် ပြောင်းလဲတော့မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena