Apple နောက်ထုတ်မယ့် တန်ဖိုးနည်း iPhone SE 3 ရဲ့ သတင်းတွေထွက်နေတာ တော်တော်ကြာပြီ ဖြစ်ပြီး အခုတော့ ကြေညာဖို့ တော်တော်နီးကပ်လာပြီလို့ ဆိုရမှာပါ။ Apple ဟာ မတ်လ ၈ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခု ကျင်းပဖို့ စီစဉ်ထားပြီး iPhone SE 3 ကို အဲဒီ ပွဲမှာ မျက်ဝါးထင်ထင် မြင်ရတော့မယ်လို့ ယူဆရပါတယ်။

iPhone SE 3 2022

မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ iPhone SE 3 ရဲ့ Accessory ၁ ခု အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး အဲဒါကတော့ Screen Protector ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ အဲဒီ Screen Protector ကို ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။ iMore က 5G iPhone SE Case ၁ ခု အွန်လိုင်းမှာ ထွက်ပေါ်လာတယ်လို့ ပြောတဲ့အတွက် နောက် ၁ ပတ်မှာ iPhone SE 3 ကို ကြေညာဖို့ ဖြစ်နိုင်ခြေများသွားပါပြီ။ iPhone SE 3 Screen Protector ကို Belkin က ကြော်ငြာထားတာ ဖြစ်ပြီး Belkin iPhone SE အတွက် Protective Glass Film လို့ ဖော်ပြထားပါတယ်။ Screen Protector ရဲ့ ဒီဇိုင်းဟာ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ iPhone SE 3 နဲ့  တော်တော် တူညီပါတယ်။

အဲဒီ Accessory ကို ပထမဆုံး အနေနဲ့ Amazon Japan မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ခဲ့တာ ဖြစ်ပြီး iPhone SE 3rd Generation အတွက်လို့ ဖော်ပြထားပါတယ်။ iPhone SE 3 ဟာ iPhone SE Series ရဲ့ တတိယမျိုးဆက် ဖြစ်ပါတယ်။

iPhone SE 3 ဟာ ဈေးနှုန်း ချိုသာတဲ့ iPhone ဖြစ်ပြီး ဒေါ်လာ ၃၀၀ (၅၃၀,၀၀၀ ကျပ်) ဝန်းကျင်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အရင်မျိုးဆက်ထက် ဈေးနှုန်း သက်သာနိုင်ပြီး စွမ်းရည်သင့် စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မှာပါ။ စွမ်းဆောင်ရည် မြင့်မားတဲ့ Apple A15 Bionic Chip မောင်းနှင်ထားနိုင်ပါတယ်။

ref : gizmochina