တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီဟာ အီစတာချိန်ခါကျရောက်တဲ့ တနင်္ဂနွေနေ့မှာ ထူးခြားတဲ့ကြေညာမှုတစ်ခုကို ပြုလုပ်လာခဲ့ပါတယ်။ LG Velvet လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို ထုတ်ပြလာခဲ့ပေမယ့် သူ့ရဲ့ Specs တစ်ခုမှ မဖော်ပြခဲ့ပါဘူး။

LG Velvet ဟာ သူတို့အတွက် ဒီဇိုင်းအယူအဆအသစ်ကို ပထမဆုံးအသုံးပြုလာတဲ့ စမတ်ဖုန်းဖြစ်တယ်လို့ LG မှ ကြေညာမိတ်ဆက်ခဲ့ပေမယ့် Specs တစ်ခုကိုမှ မဖော်ပြခဲ့ဘဲ ဒီဖုန်းဟာ ကိုရီးယားကုမ္ပဏီအနေနဲ့ Specs ကိုပဲ အာရုံစိုက်ကြမယ့်အစား ဒီဇိုင်းပိုင်းကို အသားပေးကြေညာလာမယ့် ထုတ်ကုန်တွေရဲ့ ဦးဆုံးဖောက်ထွက်သူလို့ သတ်မှတ်လာတာ ဖြစ်ပါတယ်။ ဖုန်းရဲ့လိုဂိုကလွဲရင် လောလောဆယ် ဘာမှကို သေသေချာချာ မသိရသေးတာပါ။

Velvet ဆိုတဲ့အမည်ကိုမကြေညာခင် ရှေ့ရက်မှာ ဒီဖုန်းရဲ့နောက်ကျောဘက်က ရေစက်ကျနေတဲ့ပုံသဏ္ဍာန် ကင်မရာဒီဇိုင်းကိုလည်း မြင်ခဲ့ရပြီးသားပါ။ ဒါပေမယ့် ကတ္တီပါ လို့အဓိပ္ပါယ်ထွက်တဲ့ Velvet အမည်နဲ့တော့ သိပ်မလိုက်ဖက်ဘဲ အနာဂါတ်ဆန်ဆန်ဒီဇိုင်းက သတ္ထုကိုယ်ထည်လို ထင်းထင်းကြီးဖြစ်နေတာ တွေ့ရမှာပါ။

ဒီဖုန်းဟာ LG ရဲ့ G စီးရီးနေရာကို အစားထိုးလာမယ့် Midrange လိုင်းအပ်အသစ်လို့ သတင်းထွက်ထားပါတယ်။ LG အနေနဲ့ Velvet ထုတ်ကုန်လိုင်းနဲ့ Midrange ဈေးကွက်ကို ပြန်လုမယ့်ပုံပါပဲ။ ဒါပေမယ့် Specs တွေသာမက ဈေးနှုန်းကိုလည်း မဖော်ပြသေးတာကြောင့် အတိအကျတော့ ပြောလို့မရသေးပါဘူး။

LG ဟာ LG Velvet ကို မေလ ၁၅ ရက်နေ့မှာ အပြည့်အစုံထုတ်ဖော်ပြလာမယ်လို့လည်း သတင်းထွက်ထားပြီး တကယ်သာမှန်ရင်တော့ နောက်ထပ်တစ်လလောက် ထပ်စောင့်ရဦးမယ့်သဘောပါပဲ။

Ref – GSM Arena