Meizu ဟာ သူတို့ရဲ့ Meizu 17 ဖုန်းသစ်ကို လာမယ့်ဧပြီလမှာ ကြေညာဖို့ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပါတယ်။ Meizu 17 ဟာ Meizu ရဲ့ ၁၇ နှစ်မြောက် အမှတ်တရအနေနဲ့ ကိုယ်စားပြုမယ့် Flagship ဖြစ်တာကြောင့် ဒီဇိုင်းပိုင်းကို သိသိသာသာပြောင်းလဲလာဖို့ မျှော်လင့်ထားပါတယ်။

ယနေ့မှာတော့ Meizu 17 ရဲ့ ပကတိအနေအထားကို ရိုက်ထားတဲ့ ပုံတွေထွက်ပေါ်လာပြီး Display ကို အဓိက မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အပေါ်ညာဘက်ထောင့်မှာတော့ Meizu အနေနဲ့ သိပ်သုံးလေ့မရှိတဲ့ Punch-hole ဆဲလ်ဖီကင်မရာကို တွေ့ရပြီး ဘက္ထရီပမာဏပြ အမှတ်အသားလေးရဲ့အလည်မှာ LED Ring နဲ့ စတိုင်ကျစွာ ထည့်ထားပါတယ်။

ဟန်းဆက်ကို အားသွင်းနေရင် ဒီ LED Ring ကနေ အရောင်ပြောင်းလဲပြသနိုင်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Punch-hole ကင်မရာကို ထားတဲ့နေရာကလည်း အခြားဖုန်းတွေ Punch-hole ကင်မရာကို ထားလေ့ရှိတဲ့ အပေါ်ဘယ်ဘက် အစား ညာဘက်မှာ နေရာချထားတာပါ။

Meizu 17 ဖုန်းကို Snapdragon 865 ချစ်ပ်ဆက်နဲ့ ထုတ်လုပ်လာမယ်လို့ ယုံကြည်ရပြီး 5G ချိတ်ဆက်နိုင်စွမ်းလည်း ပါဝင်မှာပါ။ Fingerprint Scanner ကိုလည်း Display အတွင်းမှာပဲ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။ Android 10 OS ကို အခြေခံထားတဲ့ FlymeOS ကိုလည်း တွေ့ရမှာပါ။

ထပ်မံပေါက်ကြားထားတဲ့ သတင်းတွေအရတော့ Meizu 17 မှာ 6.4” နဲ့ 6.5” လက်မကြား အရွယ်ရှိတဲ့ Display ပါဝင်မှာဖြစ်ပြီး FHD+ Resolution ပါမှာပါ။ 90Hz Refresh Rate ပါဝင်ပြီး Aspect Ratio က 19.5:9 လို့ ဆိုပါတယ်။ 8/128 GB မန်မိုရီအတွဲက LPDDR5 နဲ့ UFS 3.0 နည်းပညာသစ်တွေ အသုံးပြုလာမှာဖြစ်ပါတယ်။ သူ့မှာ 4,500 mAh ဘက္ထရီနဲ့အတူ 30W ကြိုးနဲ့အားသွင်းစနစ်ရော၊ 30W ကြိုးမဲ့အားသွင်းစနစ်ပါ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref – Gizmo China