Meizu က  ကုမ္ပဏီ သက်တမ်း ၁၇ နှစ်ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ ၁ ပတ်က ကျင်းပခဲ့ပြီး ဧပြီလမှာ စွမ်းဆောင်ရည်မြင့် Meizu 17 ကို ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 865 Chipset နဲ့ 5G ဆက်သွယ်မှု ပါမယ်ဆိုတာ သိထားပြီးပါပြီ။ အခုတော့ အရမ်းလန်းတဲ့ အားသွင်းနည်းပညာ ပါမယ်ဆိုတဲ့ အထောက်အထားတွေတွေ့လာရပါတယ်။

Meizu ရဲ့ GaN Charger ၁ ခု တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထွက်ပေါ်လာပြီး 65W Fast Charging ထောက်ပံ့မယ်လို့ သိရပါတယ်။ USB-A Port ၁ ခုနဲ့ USB-C Port ၁ ခု ပါလာမှာ ဖြစ်ပြီး ၂ ခုစလုံးက တစ်ပြိုင်နက် အလုပ်လုပ်နိုင်ပါတယ်။

အဲဒီ Charger ရဲ့ သတင်းအချက်အလက်ဟာ တရုတ် ဝက်ဘ်ဆိုက် chongdiantou.com ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး အားအမြန်သွင်း နည်းပညာမှာ ထိပ်တန်း အဆင့်ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီ Charger အသစ်ဟာ Meizu အရင်က ထုတ်လုပ်ခဲ့တဲ့ Charger တွေနဲ့ တူနေပြီး အဖြူရောင် ကိုယ်ထည်မှာ Meizu Logo ရေးထွင်းထားပါတယ်။

Meizu က MWC 2017 မှာ 55W Super mCharge ကို သရုပ်ပြသခဲ့ပြီး ၂၀ မိနစ်အတွင်းမှာ 3,000mAh ဘက်ထရီကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Charger ကို စမတ်ဖုန်းတွေအတွက်သာမကဘဲ တခြား Device တွေအတွက်လည်း သုံးနိုင်ပါတယ်။ Meizu ဟာ OPPO , Xiaomi နဲ့ nubia တို့ ပြီးနောက် 65W GaN Charger ကို မိတ်ဆက်တဲ့ စတုတ္ထမြောက် ကုမ္ပဏီ ဖြစ်လာမှာပါ။

Ref : gsmarena