Facebook ၊ Messenger ၊ Instagram အပြင် WhatsApp လိုမျိုး Social Media Service အများအပြားကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ အခုအချိန်မှာ Feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ Facebook နဲ့ Instagram ကို အသုံးပြုနေတဲ့သူတွေအတွက် ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ဖို့ စမ်းသပ်နေတာဖြစ်ပါတယ်။

အခု Meta ကနေ စမ်းသပ်နေတဲ့ Feature ကတော့ Facebook နဲ့ Instagram သုံးနေပြီးတော့ ချိတ်ဆက်ထားတယ်ဆိုရင် Account ၂ ခုကို အလွယ်တကူပြောင်းလဲနိုင်စေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Instagram App အတွင်းမှာ Account တွေအများအပြားထည့်သွင်းထားတယ်ဆိုရင် တစ်ခုနဲ့တစ်ခုကို အလွယ်တကူပြောင်းလဲနိုင်မှာဖြစ်ပြီး Meta ကနေ တူညီတဲ့ Account တွေတင်မဟုတ်ဘဲ Facebook သို့မဟုတ် Instagram Account ကိုပါ ပြောင်းလဲနိုင်စေမှာပါ။

ဒါကြောင့် ကိုယ်က Facebook ကို သုံးနေပြီးတော့ Instagram ကို ပြောင်းလဲချင်တယ်၊ သို့မဟုတ် Instagram ကနေ Facebook ကို ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင် App ကို ထွက်ပြီး အသုံးပြုချင်တဲ့ App ကို ပြန်လည်ဝင်ရောက်စရာမလိုဘဲ အလွယ်တကူပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ချိတ်ဆက်ထားတဲ့ Facebook နဲ့ Instagram Account တွေရဲ့ Notification တွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Meta ဟာ Android နဲ့ iOS App တွေမှာ Facebook နဲ့ Instagram ကို ဝင်ရောက်တဲ့ Login Screen ကိုပြောင်းလဲထားပြီး ပိုမိုရိုးရှင်းလွယ်ကူစေမယ်လို့ သိရပါတယ်။ တကယ်လို့ Account Center အတွင်းမှာ ကိုယ့် Facebook နဲ့ Instagram Account တွေကို ထည့်သွင်းထားတယ်ဆိုရင်လည်း One-tap Login ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။

Ref – Engadget