Xiaomi ရဲ့ Mi Mix Series ဖုန်းတွေက အမြဲတမ်း ဒီဇိုင်းပိုင်းဆန်းသစ်နေတဲ့ဖုန်းတွေလို့ပြောလို့ရပါတယ်။ မနှစ်ကထွက်ရှိခဲ့တဲ့ Mi Mix ဖုန်းဟာဆိုရင် ပထမဆုံး ဘေးဘောင်ပျောက်ဒီဇိုင်းနဲ့ ထွက်ရှိခဲ့တဲ့ဖုန်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။

ဒါပေမယ့် Mi Mix 3 ဖုန်းကတော့ ဒီဇိုင်းပိုင်းမှာ ကိုယ်ပိုင်ဟန်ပျောက်သွားတော့မယ့်ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် အခုနောက်ဆုံးထွက်ရှိလာတဲ့ Mi Mix 3 လို့ ယူဆရတဲ့ ဓါတ်ပုံအရ Mi Mix 3 ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာနေရာက Apple iPhone X ဖုန်းလိုမျိုးပဲ ဒေါင်လိုက်ဒီဇိုင်းဖြစ်နေလို့ပါ။

Mi Mix 3 လို့ ယူဆရတဲ့ဖုန်းရဲ့ နောက်ကျောဒီဇိုင်းဟာဆိုရင် Dual Camera အတွက် ဖြတ်တောက်ထားတဲ့နေရာနဲ့ “Mi Mix designed by Xiaomi” ဆိုတဲ့ စာတန်းရေးထိုးထားတဲ့အတွက် Mi Mix Series တွေထဲမှာ ပထမဆုံး Dual Camera အသုံးပြုလာနိုင်တယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း Xiaomi Mi Mix 2 ထွက်ရှိထားတာလည်း မကြာသေးတဲ့အတွက် အခုထွက်ရှိလာတဲ့ Mi Mix 3 ရဲ့ နောက်ကျောပုံဟာ နောက်ဆုံးဒီဇိုင်းဖြစ်တယ်လို့ ယူဆလို့မရသေးပဲ Xiaomi ကနေ စမ်းသပ်နေတဲ့ ဒီဇိုင်းတွေထဲက တစ်ခုလည်း ဖြစ်နိုင်ပါတယ်။