Microsoft ရဲ့ Surface Go ဟာ အရောင်းရဆုံး စာရင်းထဲမှာမပါဝင်ပေမယ့် ကုမ္ပဏီရဲ့ အောင်မြင်တဲ့ ထုတ်ကုန်စာရင်းထဲမှာတော့ ပါဝင်နေပါတယ်။ ဒါပေမယ့် Laptop ဈေးကွက်ထဲမှာလည်း ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေတာကြောင့် ထုတ်ကုန်တွေကို Segment တစ်ခုတည်းအတွက် ရည်ရွယ်လို့မရတော့ပါဘူး။


အတွင်းသတင်းတွေအရတော့ Microsoft ဟာ Surface Go နဲ့ ဆင်တူမယ့် Budget 12.5-inch laptop ကို ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ရည်ရွယ်ထားတာကတော့ သင့်တင့်တဲ့ အရည်အသွေးကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲချင်ကြတဲ့ ကျောင်းသားတွေအတွက်လို့ ဆိုပါတယ်။

ဒီ Budget 12.5-inch laptop မှာ Intel ရဲ့ 10th Gen Core i5 CPU ကို အသုံးပြုထားပြီး 4GB of RAM နဲ့ 64GB internal storage လည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ ဈေးနှုန်းဟာ Surface Go နဲ့ Surface laptop တို့ရဲ့ကြား ကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ $500 ကနေ $600 ကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဈေးနှုန်းသတ်မှတ်ချက်အရဆိုရင်တော့ CPU ဟာ Y-series low-powered chips ထဲကဖြစ်နိုင်ပါတယ်။ ဒီစနစ်ဟာ Windows 10 ကို S Mode နဲ့အလုပ်လုပ်ပါတယ်။ ဒါကြောင့် Safe browsing က Microsoft Store apps နဲ့ Edge အတွက်ပဲလို့ ဆိုနိုင်ပါတယ်။


အဓိကရည်ရွယ်တည်ဆောက်ထားတာက ပညာရေးအတွက် Notbook အဖြစ်အသုံးပြုနိုင်ဖို့လို့ ဆိုရမှာပါ။ ကောင်းမွန်တဲ့လုံခြုံရေးစနစ်နဲ့၊ စွမ်းဆောင်ရည်ကို ဈေးသက်သက်သာသာနဲ့ရနိုင်တဲ့အတွက် လူအများကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ထားပုံပါပဲ။

ဒီ Laptop ဟာ “Sparti” ဆိုတဲ့ ကုဒ်နာမည်နဲ့ဖြစ်ပြီး ခေတ်မီ Surface device တစ်ခုလို ခံစားရတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဆိုလိုတာက Microsoft ဟာ အသုံးဝင်မှုနဲ့ Build quality ကို လျှော့ချမထားဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဒီ Budget Surface ကို လာမယ့်အောက်တိုဘာလထဲမှာ အခြား Surface ထုတ်ကုန်တွေနဲ့အတူ ရောင်းချမယ်လို့ သတင်းထွက်ထားပါတယ်။

Ref: GSM Arena