Nubia Red Magic လို့ပြောလိုက်တာနဲ့ ဂိမ်းမင်းဖုန်းဆိုတာ တန်းသိပြီး၊ ဘယ်လောက်ထိ မြန်ဆန်တယ်၊ ဘယ်လောက်ထိ အကြမ်းခံတယ်၊ ဘက်ထရီကလည်း ဘယ်လောက်ကြာကြာသုံးနိုင်တယ် ဆိုတာတွေကို အဓိကဦးစားပေးပြီး ပြောဆိုလေ့ရှိကြမှာပါ။ အခုတော့ Nubia Red Magic 5G မှာ ကင်မရာပိုင်းလည်း ထည့်ပြီးပြောရပါတော့မယ်။

Nubia Red Magic 5G ကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာပါ။ MWC 2020 မှာ မြင်တွေ့ရဖို့ရှိခဲ့ပေမယ့် ပွဲပျက်သွားတာကြောင့် တရုတ်နိုင်ငံထဲမှာပဲ မိတ်ဆက်ဖို့ ကုမ္ပဏီက ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ အခုတော့ မိတ်မဆက်ခင်မှာ Nubia ရဲ့ CEO က Red Magic 5G ရဲ့ ကင်မရာအကြောင်းကို ကြွားလုံးထုတ်သွားခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ Nubia Red Magic 5G ရဲ့ကင်မရာနဲ့ ရိုက်ကူးထားတဲ့ အရည်အသွေးမြင့်ဓါတ်ပုံ ၉ ပုံကို CEO- Ni Fei ကမျှဝေခဲ့တာပါ။ ကျောဘက်မှာတပ်ဆင်ထားတဲ့ ကင်မရာသုံးလုံးအနက် အဓိက ကင်မရာဟာ 64MP Sony IMX686 Sensor နဲ့လို့ သတင်းထွက်ထားတာကို ဓါတ်ပုံတွေရဲ့အရည်အသွေးက အတည်ပြုပေးလိုက်တယ်လို့ပဲ ဆိုရမှာပါ။

ဒါပေမယ့် Weibo မှာ တင်ထားတဲ့ ဓါတ်ပုံတွေက Compressed ဖြစ်နေတာကြောင့် Resolution အပြည့် မဟုတ်ပေမယ့် မြင်ရသလောက်တော့ အတော်လေးကို ကောင်းမွန်နေတာ အမှန်ပါပဲ။ Nubia အနေနဲ့ ဂိမ်းမင်းပိုင်းအတွက်သာမကဘဲ ကင်မရာပိုင်းကိုပါ တောင်းဆိုလာကြတဲ့ သုံးစွဲသူတွေရဲ့ စကားသံကို အမှန်တကယ် နားထောင်ခဲ့တယ်လို့ ယူဆရပါတယ်။

Nubia Red Magic 5G ဟာ Snapdragon 865 Processor နဲ့ဖြစ်ပြီး Dual Mod 5G ကိုလည်း ထောက်ပံ့ပေးမှာပါ။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 55W အမြန်အားသွင်းစနစ်နဲ့ ဖြစ်ပါတယ်။ 144Hz refresh rate မျက်နှာပြင်နဲ့ဖြစ်ပြီး 144fps နဲ့ ဂိမ်းကစားနိုင်မယ်လို့ သိရပါတယ်။

Ref: GSM Arena