NBC News ရဲ့ စစ်တမ်းအရ အမေရိကန်က အရွယ်ရောက်ပြီးသူ ၅ ဦးမှာ ၁ ဦးဟာ Cryptocurrency ကို ရင်းနှီးမြှုပ်နှံတာ၊ ရောင်းဝယ်ဖောက်ကားတာ၊ ဒါမှမဟုတ် သုံးစွဲတာမျိုးအတွက် အသုံးပြုနေကြောင်း သိရပါတယ်။ ဒါဟာ ဥပဒေပြုသူတွေက ဈေးကွက်အန္တရာယ်တွေကို သတိပေးနေတဲ့ကြားထဲက ဒစ်ဂျစ်တယ်အဖိုးတန်ပိုင်ဆိုင်မှုက ဆက်လက်ပြီးရေပန်းစားနေတယ်ဆိုတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်နဲ့ ၄၉ နှစ်ကြားရှိ အမျိုးသားဦးရေရဲ့ ထက်ဝက်ဟာ Crypto မှာ ပါဝင်ပတ်သက်နေကြပြီး ဒါဟာ Demographics groups အားလုံးထဲမှာ အမြင့်ဆုံးပါဝင်ပတ်သတ်နေမှုလည်း ဖြစ်ပါတယ်။ လူမည်းအမေရိကန်တွေရဲ့ ၄၀% က သူတို့ဟာ Crypto ကို ရောင်းဝယ်ဖောက်ကားတာ ဒါမှမဟုတ် အသုံးပြုတာမျိုး ရှိကြတယ်လို့ ပြောဆိုကြပါတယ်။ အလားတူပဲ အသက် ၁၈ နှစ်နဲ့ ၃၄ နှစ်ကြားရှိသူတွေရဲ့ ၄၂% နှုန်းကလည်း တူညီစွာ ပြောဆိုခဲ့ကြပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ အမေရိကန်နိုင်ငံသား တစ်ထောင်ရဲ့ ၂၁% က သူတို့ဟာ Crypto ကို အနည်းဆုံး တစ်ကြိမ်အသုံးပြုတာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့ အချက်ကို ဖော်ပြခဲ့ပါတယ်။ Bitcoin, Ethereum နဲ့ Stable coins တို့လိုမျိုးပိုင်ဆိုင်မှုတွေဟာ ပိုပြီးကောင်းမွန်တဲ့ငွေပေးငွေယူအမြန်နှုန်းတွေ၊ ကုန်ကျစရိတ်သက်သာခြင်းတွေအပြင် ကိုယ်ရေးကိုယ်တာ၊ လုံခြုံရေးနဲ့ Underbanked အသိုင်းအဝန်းတွေကို ငွေကြေးဝန်ဆောင်မှုတွေပေးဆောင်ဖို့ အခွင့်အလမ်းတွေပေးမယ်လို့ Crypto ထောက်ခံသူတွေက ဆိုပါတယ်။

ဒါပေမဲ့ အဓိက ဥပဒေပြုဖို့ ကြိုးပမ်းမှုမရှိဘဲ Crypto ဈေးကွက်ဟာ “Wild West” လိုမျိုးပဲ ဖြစ်နေသေးတယ်လို့ Securities and Exchange Commission ဥက္ကဋ္ဌ Gary Gensler က ဆိုပါတယ်။ ဒါကြောင့် NBC News ရဲ့ စစ်တမ်းကောက်ယူခံရသူတွေထဲက ၁၉% ကပဲ Crypto ကို အပြုသဘောဆောင်တယ်လို့ဆိုကြပြီး ၂၅% ကတော့ အဆိုးမြင်ရှုထောင့်ကနေ မြင်ကြကြောင်း ပြသနေပါတယ်။

အများစုဖြစ်တဲ့ ၅၆% ကတော့ သူတို့ဟာ Crypto industry နဲ့ပတ်သက်ပြီး အကောင်းလည်းမမြင်သလို၊ အဆိုးလည်းမမြင်ဘဲ ဘာခံစားချက်မှမရှိကြောင်း ပြောကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း Crypto ဈေးကွက်ဟာ အလွန်ကြီးမားလာတာကြောင့် အန္တရာယ်တွေနဲ့ အကျိုးကျေးဇူးတွေကိုလေ့လာနိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရအေဂျင်စီတွေကိုညွှန်ကြားဖို့ ဒီလအစောပိုင်းမှာပဲ သမ္မတ Joe Biden က Executive Order ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Ref: CNBC