OnePlus ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားတဲ့ OnePlus Ace 2 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့အပြင် မတ်လအတွင်းမှာ MediaTek Dimensity 9000 Chipset ကို အသုံးပြုထားတဲ့ OnePlus Ace 2V ကိုပါ ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

အခုလည်း OnePlus ဟာ နောက်ထပ် OnePlus Ace 2 Pro နာမည်နဲ့ ဖုန်းအသစ်တစ်လုံးကို မကြာခင်မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ OnePlus Ace 2 Pro ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ပါဝင်လာမယ့်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး OnePlus Ace Series ဖုန်းဖြစ်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ OnePlus Ace 2 Pro ဖုန်းဟာ 1.5k Curved Display ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါက OnePlus အတွက် နည်းပညာအသစ်တစ်ခုဖြစ်လာမှာဖြစ်ပြီး BOE ကုမ္ပဏီကနေ စမ်းသပ်နေတဲ့ Display အမျိုးအစားဖြစ်ပါတယ်။

ကျန်တဲ့ Specification တွေကို အတိအကျသိရှိရခြင်းမရှိသေးပေမယ့် OnePlus Ace 2 လိုမျိုးပဲ 5000mAh Battery အပြင် 50MP Primary + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup အပြင် 16MP Selfie Camera တွေပါဝင်လာဖွယ်ရှိနေပါတယ်။

ပုံမှန်အားဖြင့် OnePlus Ace Series ဖုန်းတွေဟာ တရုတ်ပြည်တွင်းမှာပဲ မိတ်ဆက်ရောင်းချတတ်တဲ့အတွက် Global စျေးကွက်မှာ OnePlus 11T လိုမျိုး နာမည်ပြောင်းလဲပြီး မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref : GSM Arena