Samsung ဟာ လာမယ့် ဇူလိုင်လအတွင်းမှာ Galaxy Foldable ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်းအသစ်တွေထဲမှာ Galaxy Z Flip5 ဖုန်းလည်းပါဝင်လာမှာဖြစ်ပြီး လက်ရှိသိရှိထားရတဲ့သတင်းတွေအရ အပြင် Display အရွယ်အစားက ပိုမိုကြီးမားလာမှာဖြစ်ပါတယ်။

အခုလိုမျိုး အပြင်ဘက် Display ကို အရွယ်အစားပိုကြီးမားအောင်ပြုလုပ်ထားတာက အသုံးပြုတဲ့အချိန်မှာ ပိုမိုလွယ်ကူပေမယ့် တစ်ဖက်မှာ Camera ပိုင်းအနေနဲ့ Dual Camera Setup ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိလာတဲ့သတင်းတွေအရ OPPO က Display အစား Camera ကို ဦးစားပေးထားတဲ့ Flip Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အဆိုပါ OPPO ရဲ့ Flip Foldable ဖုန်းဟာ OPPO Find N3 Flip ဖုန်းဖြစ်ပြီး လက်ရှိ OPPO Find N2 Flip ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမှာပါ။ အခုထွက်ရှိလာတဲ့ OPPO Find N3 Flip ဖုန်းရဲ့ Render ဓါတ်ပုံတွေအရ Triple Camera ကို ဒေါင်လိုက်ဒီဇိုင်းအနေနဲ့ ထည့်သွင်းပေးထားတာကိုတွေ့ရှိရပါတယ်။

အခုလိုမျိုး Camera ပိုင်းကို ဦးစားပေးလိုက်တဲ့အတွက် အပြင်ဘက် Display က လက်ရှိ OPPO Find N2 Flip နဲ့ ဆင်တူမှာဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ကြီးမားနေသေးတဲ့အပြင် Camera ပိုင်းမှာလည်း 50MP Sony IMX890 Main Sensor ၊ 8MP Ultrawide အပြင် 32MP 2x Optical Telephoto Sensor တွေပါဝင်မှာဖြစ်တာကြောင့် Flip Foldable ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံးဖုန်းဖြစ်လာနိုင်ပါတယ်။

OPPO Find N3 Flip ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးဘဲ ဖြစ်နိုင်ခြေများတာက ယခုနှစ်ကုန်ပိုင်းမှ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena