ပြီးခဲ့တဲ့လတုန်းက Redmi ဟာ မတ်လအတွင်းမှာ သူတို့ရဲ့စမတ်ဖုန်းသစ် K30 Pro ကို မိတ်ဆက်မယ်လို့ အတည်ပြုခဲ့ပေမယ့် ဘယ်အချိန်မိတ်ဆက်မယ်ဆိုတာတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ ဒီဖုန်းဟာ မတ်လကုန်ပိုင်းမှာ မိတ်ဆက်လာမယ်လို့ သိခဲ့ရပါတယ်။

ဖေဖော်ဝါရီလကုန်တုန်းက Redmi ရဲ့ GM ဖြစ်သူ Lu Weibing ဟာ Redmi K30 Pro ဖုန်းကို တရုတ်ပြည်တွင်းမှာ Huawei P40 စီးရီးနဲ့ Honor 30 စီးရီး မိတ်ဆက်ပွဲနှစ်ခုရဲ့ ကြားကာလမှာ မိတ်ဆက်မယ်လို့ ပြောခဲ့ဖူးပါတယ်။

Huawei P40 စီးရီးဟာ မတ်လ ၂၆ မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပြီး Honor 30 စီးရီး မိတ်ဆက်ရက်ကိုတော့ အတည်မပြုရသေးပါဘူး။ ဒါပေမယ့် ယနေ့မှာ Xiaomi ရဲ့ထုတ်ကုန်ပိုင်းဒါရိုက်တာ Wang Teng Thomas ကနေ မတ်လ ၂၆ ရက်နေ့မှာ ကျင်းပမယ့် P40 မိတ်ဆက်ပွဲအပြီးမှာ Redmi K30 Pro ကို မိတ်ဆက်လာမယ်လို့ ထပ်မံဖော်ပြလာခဲ့ပါတယ်။

Redmi K30 Pro ဖုန်းကို မတ်လအတွင်းမှာပဲ တရားဝင်ထုတ်ဖော်လာမယ်ဆိုတာ အစတည်းက အတည်ပြုပြီး ဖြစ်တာကြောင့် မတ်လ ၂၆ နောက်ပိုင်း လကုန်ရက်တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ Honor 30 စီးရီးကတော့ ဧပြီလအတွင်းမှ မြင်ရမှာဖြစ်ပြီး K30 Pro ဟာလည်း တရုတ်ပြည်တွင်းဈေးကွက်ကို ဧပြီလဆန်းမှ စတင်ရောင်းချလာနိုင်ပါတယ်။

Redmi K30 Pro ဖုန်းမှာ Notch-less Display ပါဝင်ပြီး Pop-up ဆဲလ်ဖီကင်မရာနဲ့ နောက်ဘက် Quad-camera အတွဲတို့ ထည့်သွင်းလာမှာပါ။ Screen က 6.67” လက်မအရွယ် OLED Display တစ်ခုဖြစ်ပြီး အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ LPDDR5 RAM မန်မိုရီတို့ကို မြင်တွေ့ရနိုင်ပါတယ်။

K30 Pro ရဲ့နောက်ဘက် Quad-camera ကို Sony IMX686 64MP ကင်မရာက ဦးဆောင်လာမှာဖြစ်ပြီး Android OS ကိုအခြေခံထားတဲ့ MIUI 11 ပါဝင်မှာဖြစ်ပါတယ်။ 4,700 mAh ဘက္ထရီကြီးကို 33W အားသွင်းစနစ်နဲ့ တွဲလာမှာ ဖြစ်ပါတယ်။

Ref – Playful Droid