YouTuber Filip Koroy နဲ့ Leaker Max Weinbach တို့ကတော့ လာမဲ့ iPhone 13 series (iPhone 12S) နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်အလက်အချို့ကို ထုတ်ဖော်ပြောဆိုလာတာတွေ့ရပါတယ်။ အဲဒါကတော့ iPhone သစ်တွေမှာ ပိုပြီးကြီးမားတဲ့ Wireless charging coils တွေ ပါဝင်မယ်ဆိုတာပါပဲ။

အစောပိုင်းတုန်းက Weinbach ပြောထားတဲ့အထဲမှာ 2021 iPhone တွေဟာ ပိုပြီးအားကောင်းတဲ့ MagSafe magnet တွေတပ်ဆင်ထားမှာဖြစ်တဲ့အကြောင်း ပါဝင်ခဲ့ပါတယ်။ MagSafe ဟာ iPhone 12 ကို Wireless charger တွေ၊ Card wallets တွေလိုမျိုး မတူညီတဲ့ Accessories တွေနဲ့ တွဲဖက်နိုင်ခဲ့စေပါတယ်။

ဒါပေမဲ့ ဒီ MagSafe ဟာ ပူးတွဲ Accessories တွေကို လုံလုံခြုံခြုံဖြစ်စေဖို့မလုံလောက်တဲ့အကြောင်း အသုံးပြုသူတွေက စောဒကတက်ကြပြီး မော်ဒယ်သစ်တွေမှာတော့ ပိုပြီးအားကောင်းတဲ့ Magnet ရှိသင့်ကြောင်း အကြံပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ Charging coil ကို Magnet အသစ်တွေနဲ့ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ အရွယ်အစားချဲ့ထွင်နေတယ်လို့ သိရပါတယ်။

ပိုပြီးကြီးတဲ့ Wireless coil တွေဟာ အပူစီမံခန့်ခွဲမှုပိုင်းမှာ ပိုပြီးကောင်းမွန်မယ်လို့ ထင်ရပြီး ပိုမိုမြင့်မားတဲ့စွမ်းအင်ကို ထောက်ပံ့နိုင်မယ်လို့ ယုံကြည်ရပါတယ်။ အခုအချိန်မှာ MagSafe ဟာ iPhone 12 ကို 15W အထိ ကြိုးမဲ့နည်းနဲ့အားသွင်းနိုင်ပါတယ်။ Weinbach ကတော့ iPhone အသစ်မှာ ပိုကြီးတဲ့ Coil က Reverse wireless charging ဖြစ်နိုင်တယ်လို့ ယုံကြည်နေတာပါ။

သီအိုရီအရဆိုရင်တော့ iPhone 12 တွေကလည်း အခြားဆက်စပ်ပစ္စည်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပေမဲ့ Apple က ဒီလုပ်ဆောင်ချက်ကို ပယ်ထားပါတယ်။ FCC စာရွက်စာတမ်းတွေအရ အမြင့်ဆုံး Reverse wireless charging speed ဟာ 5W လို့ သိရပါတယ်။ Apple အနေနဲ့ သူတို့ရဲ့ အားသွင်းစနစ်နဲ့နှုန်းထားကို စိတ်ကျေနပ်မှုမရှိသေးတာကြောင့် ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပုံရပါတယ်။

2019 iPhone တွေမှာလည်း ကျောဘက်က AirPods တွေကို အားသွင်းပေးနိုင်တယ်လို့သတင်းထွက်ခဲ့ဖူးပါတယ်။  သတင်းရင်းမြစ်အချို့ကတော့ Apple ရဲ့ Wireless charging tech ဟာ 2022 iPad Pro နဲ့အတူ ပွဲထွက်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမဲ့ iPhone သစ်တွေမှာ Reverse Wireless Charging စနစ် ပါလာမလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Ref: Phone Arena