Android ဖုန်းတွေမှာ လိုအပ်နေသေးတဲ့အရာတစ်ခုက Software Update ရရှိတဲ့အချိန်ကာလက တိုတောင်းလွန်းနေတာလို့ပဲ ဆိုရမှာပါ။ လက်ရှိအချိန်မှာ Android ဖုန်းအများစုက Update ကို ၃ နှစ်အထိသာရရှိနေပြီး Google Pixel 6 စီးရီးတွေကပဲ Software Update ကို ၅ နှစ်အထိ ထောက်ပံ့မယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကလည်း Android OS update မူဝါဒကို ၂ နှစ်ကနေ ၃ နှစ်အထိ ပြောင်းလဲတိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လာမဲ့ Unpacked 2022 မှာ ပိုဝမ်းသာစရာ တိုးမြှင့်မှုကို ကြေညာလာဖွယ်ရှိနေတယ်လို့ ပေါက်ကြားသတင်းအချို့က ညွှန်းဆိုပြသနေပါတယ်။

Samsung ဟာ အဓိက OS Update ကြီးကို ၃ ကြိမ်ကနေ ၄ ကြိမ်အထိ တိုးမြှင့်ဖို့ ကြံရွယ်နေတယ်လို့ ကောလာဟလ ထွက်ပေါ်လာတာပါ။ ဒီတိုးမြှင့်မှုမှာတော့ လက်တစ်ဆုပ်စာ မော်ဒယ်တွေပဲ ပါဝင်ဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Security patches တွေကို ၄ နှစ်ထောက်ပံ့နေရာကနေ ၅ နှစ်အထိ တိုးမြှင့်ထောက်ပံ့သွားဦးမယ်လို့လည်း သိရပါတယ်။

ဒီသတင်းအတိုင်းဆိုရင်တော့ မူဝါဒအသစ်အတွက် သတ်မှတ်ချက်ပြည့်မီနိုင်တဲ့ Device တွေဟာ Galaxy S21, Galaxy S21+, Galaxy S21 Ultra, Galaxy S21 FE, Galaxy S22 series နဲ့ Galaxy Tab S8 lineup တွေ ဖြစ်နိုင်ပါတယ်။ အလားတူပဲ နောက်ဆုံးပေါ် Foldable တွေဖြစ်တဲ့ Galaxy Z Fold 3 နဲ့ Z Flip 3 တို့လည်း ပါဝင်လာနိုင်ပါတယ်။

Galaxy S22 နဲ့ Tab S8 တို့ဟာ Android 12 နဲ့ တင်ပို့ရောင်းချပေမဲ့ လာမဲ့ Firmware policy အပြောင်းအလဲကြောင့် ၂၀၂၅−၂၀၂၆ မှာ Android 16 update ကို ရလာနိုင်ဖွယ်ရှိတယ်လို့လည်း မျှော်မှန်းနိုင်ပါတယ်။

Ref: SamMobile