Samsung ဟာ လက်ရှိအချိန်မှာ Foldable စမတ်ဖုန်းတွေကို အအောင်မြင်ဆုံး ထုတ်လုပ်နိုင်တဲ့ စမတ်ဖုန်းကုမ္ပဏီလို့ပြောရင်တောင် မမှားပါဘူး။ လက်ရှိအချိန်မှာဆိုရင် Samsung ကနေ Galaxy Z Flip Series ဖုန်းတွေနဲ့ Galaxy Z Fold Series ဆိုပြီး Foldable ဖုန်း Series ၂ မျိူးကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ Samsung ကနေ အဆိုပါ Foldable ဖုန်း ၂ မျိုးအပြင် နောက်ထပ် Foldable ဖုန်းတစ်လုံးကိုပါ ထပ်ပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အခု သတင်းကိုတော့ Samsung သတင်းတွေကို ဖော်ပြနေကျဖြစ်တဲ့ Galaxy Club ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Samsung ကနေ ယခုနှစ်အတွက် Foldable ဖုန်းတွေကို ပေးထားတဲ့ Codename တွေကြောင့် အခုလိုသတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ Samsung ကနေမိတ်ဆက်ဖို့ရှိနေတဲ့ Foldable ဖုန်းတွေရဲ့ Codename တွေကတော့ B4 ၊ Q4 နဲ့ N4 တွေဖြစ်ပြီး မနှစ်တုန်းက Galaxy Z Flip3 နဲ့ Galaxy Z Fold3 ဖုန်းတွေဟာ Codename B3 နဲ့ Q3 တွေဖြစ်တာကြောင့် ယခုနှစ်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ N4 Foldable ဖုန်းအသစ်ဟာ Samsung ရဲ့ နောက်ထပ် Foldable Series ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Galaxy Club ရဲ့ ဖော်ပြချက်အရတော့ Samsung ဟာ Galaxy Z Flip နဲ့ Galaxy Z Fold ဖုန်းတွေကိုပဲ ယခုနှစ်မှာ အမြောက်အများထုတ်လုပ်သွားမှာဖြစ်ပြီး Codename N4 လို့ပေးထားတဲ့ Foldable ဖုန်းအသစ်ကိုတော့ အရေအတွက်အနည်းငယ်ပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ Foldable ဖုန်းအသစ်ဟာ ဘယ်လိုမျိုးပုံစံရှိမလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးပါဘူး။

Ref – GSM Arena