စမတ်ဖုန်းကုမ္ပဏီတွေတိုင်းလိုလိုကတော့ သူတို့ရဲ့ထုတ်ကုန်ဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကို ကြွားကြတာပါပဲ။ ဥပမာအားဖြင့် Apple ဟာ သူ့ရဲ့ iPhone ကင်မရာစွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာ ပြသဖို့အတွက် iPhone နဲ့ ရိုက်ကူးထားတဲ့ Short Film တွေဖန်တီးဖို့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

အလားတူပုံစံမျိုးပါပဲ။ Samsung လည်း ၂၀၂၁ ခုနှစ်တုန်းက Galaxy S21 Ultra ကို အသုံးပြုပြီး Short Film တစ်ကားဖန်တီးဖို့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Joe Wright နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ တောင်ကိုရီးယားကုမ္ပဏီဟာ အော်စကာဆုရှင် ရုပ်ရှင်ဒါရိုက်တာ Charlie Kaufman နဲ့ ပူးပေါင်းပြီး Short Film တစ်ခုကို Galaxy S22 Ultra နဲ့ ရိုက်ကူးခဲ့ပြန်ပါတယ်။

ရုပ်ရှင်ဝါသနာရှင်တွေဆိုရင်တော့ Charlie Kaufman ရဲ့ Being Jhon Malkovich, Adaptation, Eternal Sunshine of the Spotless Mind စတဲ့ ရုပ်ရှင်တွေကို သိကြပါလိမ့်မယ်။ အခုတော့ Charlie Kaufman က Galaxy S22 Ultra ကိုအသုံးပြုပြီး Jackals & Fireflies လို့ နာမည်ပေးထားတဲ့ Short film ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရုပ်ရှင်တစ်ကားလုံးကို Galaxy S22 Ultra နဲ့ပဲ ရိုက်ကူးထားတာပါ။

လက်ရှိအချိန်မှာတော့ Jackals & Fireflies ရဲ့ နမူနာကို YouTube မှာ လွှင့်တင်ပေးထားပါတယ်။ ရုပ်ရှင်တစ်ကားလုံးကိုတော့ မထုတ်လွှင့်ပေးသေးပါဘူး။ နမူနာကိုကြည့်လိုက်ရင်တော့ ဒါဟာ စမတ်ဖုန်းတစ်လုံးကို အသုံးပြုပြီးရိုက်ကူးထားတာ၊ တစ်နည်းအားဖြင့် Galaxy S22 Ultra ကိုအသုံးပြုပြီး ရိုက်ကူးထားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။

Jackals & Fireflies ဟာ သူမရဲ့ဘဝကို ပြောင်းလဲဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အတိုချုံးရိုက်ကူးထားတာ ဖြစ်ပါတယ်။ နမူနာမှာတော့ နောက်ခံစန္ဒယားတီးလုံးသံနဲ့အတူ လူတစ်ယောက်အကြောင်းပြောပြနေတဲ့ပုံစံနဲ့ သူမရဲ့ မြင်ကွင်းအမျိုးမျိုးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရိုက်ကွင်းရိုက်ကွက်အများစုကို မှောင်တဲ့ပတ်ဝန်းကျင်မှာပဲ အဓိကထားရိုက်ကူးထားတာကြောင့် အလင်းရောင်ကောင်းကောင်းမရဘူးဆိုပေမဲ့ ကြည့်လို့ကောင်းတဲ့ ဖန်တီးမှုဖြစ်နေပါတယ်။

ဒါပေမဲ့ အနီးကပ်ကြည့်မယ်ဆိုရင်တော့ တချို့ Scenes တွေမှာတော့ Noise တချို့ကို တွေ့မြင်နိုင်ပါတယ်။ ခြုံငုံကြည့်ရင်တော့ စမတ်ဖုန်းတစ်လုံးနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားအတွက် အပြစ်ပြောစရာမရှိပါဘူး။ လက်ရှိအချိန်အထိတော့ Jackals & Fireflies ထွက်ရှိမဲ့ ရက်စွဲနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။ ခန့်မှန်းရသလောက်တော့ Galaxy S23 စီးရီးကို မိတ်ဆက်မဲ့အချိန်မှာ ထုတ်လွှင့်နိုင်ပါတယ်။

Ref: sammobile