အခုလက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ စမတ်ဖုန်းကုမ္ပဏီတွေကို အထိနာသွားစေပြီး ရောင်းအားတွေလည်းဆက်တိုက်ကိုကျဆင်းနေတာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွက် စံချိန်တင်ရောင်းအား ၄၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး ရောင်းအားကျဆင်းတဲ့ကုမ္ပဏီတွေထဲမှာ Apple ၊ Huawei နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေက အဓိကပါဝင်ခဲ့ပြီး Apple ဆိုရင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ စမတ်ဖုန်းအလုံးရေ ၄၉၄,၀၀၀ ပဲ တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့တရုတ်ကုမ္ပဏီတွေအနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလတုန်းက ရောင်းအား ၁၂.၇၂ သန်းရှိနေရာကနေ အခုနှစ်ဖေဖော်ဝါရီလမှာတော့ ၅.၈၅ သန်းအထိကို ထိုးဆင်းသွားတာပါ။

လောလောဆယ်မှာတော့ Research ကုမ္ပဏီတွေဖြစ်တဲ့ IDC နဲ့ Canalys တို့ကတော့ ယခု ၂၀၂၀ ပထမ ၃ လပတ်အတွက် စမတ်ဖုန်းရောင်းအားက ၄၀ ရာခိုင်နှုန်းအထိ မနှစ်ကနဲ့ယှဥ်ရင်ကျဆင်းသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ဟာ ရောင်းချတဲ့ကုမ္ပဏီတွေတင်မဟုတ်ဘဲ ထုတ်လုပ်သူတွေကိုပါ ထိခိုက်နေတာကြောင့်ပါ။

Apple နဲ့တခြားသောကုမ္ပဏီတွေကလည်း ဖေဖော်ဝါရီလအစောပိုင်းမှာ Official Store တွေကို ရက်သတ္တပတ်နဲ့ချီပြီး ပိတ်ခဲ့ရတဲ့အပြင် အခုလည်း စမတ်ဖုန်းမိတ်ဆက်ပွဲတွေကို Online ကနေပဲ ပြောင်းလဲပြုလုပ်နေရတာဖြစ်ပါတယ်။ Apple ဆိုရင်လက်ရှိအချိန်မှာ ကုမ္ပဏီဝန်ထမ်းတွေကို အိမ်ကနေပဲအလုပ်လုပ်ကိုင်ဖို့အထိ ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။

Ref – GSM Arena