Facebook ဟာ ဖွံ့ဖြိုးမှု အလျင်အမြန်ဆုံး လူမှုကွန်ယက်တစ်ခုဖြစ်ပြီး နေ့စဉ် Facebook မှာ အကောင့်အသစ် ၂ သိန်းခွဲ လောက် ဖွင့်နေပါတယ်။

အခုနောက်ပိုင်း ဓာတ်ပုံတွေ အလွဲသုံးစားလုပ်ခံရတာတွေ၊ ခြိမ်းခြောက်တာတွေ လူမှုကွန်ယက်ပေါ်မှာ အများကြီး ရှိလာပါပြီ။

ဒါကြောင့် တတ်နိုင်ဆုံး Facebook ကို အန္တရာယ်ကင်းကင်းနဲ့ သုံးနိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

ကိုယ့်အကောင့်ကို သူငယ်ချင်းတွေဘဲ ကြည့်လို့ရအောင် လုပ်ထားပါ။

ကိုယ့်အကောင့်ရဲ့ Settings ကို သွားပါ။ Settings ထဲကနေ တစ်ဆင့် Privacy ကို ၀င်ပါ။ “Who can see your future Posts” ကို နှိပ်ပြီး “Friends” ကို ရွေးပါ။

ဒါဆိုရင် ကိုယ်တင်သမျှ Post တွေ ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေ (Friends) တွေဘဲ ကြည့်လို့ရမှာ ဖြစ်ပါတယ်။

Tap Review ဖွင့်ထားပါ။

ကိုယ့် အကောင့်တခြားသူတွေလာပြီး တင်ချင်တင်သွားလို့မရအောင် Tag Review ဖွင့်ထားပါ။

Setting ထဲက Timeline and Tagging ထဲ ကိုဝင်ပါ။

“Review posts friends tag you in before they appear on your Timeline” ကို “On” ထားပါ။

ဒါဆိုရင် သူတို့ လာ Tag လုပ်တဲ့ Post တွေကို ကိုယ့်ခွင့်ပြုချက်ရမှ ကိုယ့် Timeline ပေါ် ရောက်မှာဖြစ်ပါတယ်။

အဲ့ဒီအပြင် ကိုယ့် Timeline ကို သူငယ်ချင်း (Friend)တွေချည်းဘဲ လာ Tag လို့ရအောင်လည်း ရွေးထားပေးပါ။

 

Tag ဖြုတ်မယ်

အရင်က Timeline Review မလုပ်ထားမိတာကြောင့် ကိုယ့်ကို လာ Tag ထားတဲ့ Post တွေ ဓာတ်ပုံတွေကို ဖြုတ်ချင်ရင် အဲ့ဒီ post ဒါမှမဟုတ် ဓာတ်ပုံဘေးနားက ခလုတ်လေးကိုနှိပ်လို့ရပါတယ်။ အဲ့ထဲက “Report/ Remove Tag” ကို နှိပ်လို့ရပါတယ်။

ကိုယ့်ကို ထိခိုက်နိုင်တဲ့ ဓာတ်ပုံတွေ မတင်ပါနဲ့။

ဥပမာ ကိုယ် ဘားတစ်ခုမှာ ကနေတဲ့ပုံ၊ အကယ်၍ ကိုယ်က အသက် ၁၈ နှစ်မပြည့်သေးဘဲ အရက်သေစာ တစ်ခုခု သောက်စားနေတဲ့ပုံတင်မိပါက ကိုယ့်ပုံကို Print ထုတ်ပြီး မိဘ၊ ကျောင်း ကို တိုင်ကြားခံရနိုင်သလို အလွဲသုံးစားလုပ်ခံရမှုတွေ ကြုံတွေ့နိုင်ပါတယ်။

 

ကိုယ်တင်တဲ့ Status၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး သတိထားပါ။

ကိုယ်တင်တဲ့ Status တွေ၊ ဝေမျှတာတွေနဲ့ပတ်သက်ပြီး သတိထားပါ။ မြန်မာနိုင်ငံမှာလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရတာတွေလည်း ရှိနေပါတယ်။

 

အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေကို တတ်နိုင်သမျှ လက်မခံပါနဲ့။

ကိုယ့်အလုပ်က အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေကို တတ်နိုင်သမျှ ကိုယ့် Facebook အကောင့်မှာ လက်မခံပါနဲ့။ သူတို့က ကိုယ့် Facebook Profile ကနေပြီး ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ အချက်အလက်တွေ ရရှိသွားနိုင်ပါတယ်။ မတတ်နိုင်ရင် ကိုယ့် Personal သုံးတဲ့ အကောင့်နဲ့ အလုပ်နဲ့ ပတ်သက်တဲ့သူတွေနဲ့ ဆက်သွယ်ဖို့ အကောင့် ၂ ခုလောက်တော့ ထားသင့်ပါတယ်။

Facebook မှာ ကိုယ့်ဖုန်းနံပါတ် တို့ လိပ်စာ တို့ မထည့်ပါနဲ့။

အများအားဖြင့် ကိုယ် Friends အဖြစ်လက်ခံမိသူတွေက ကိုယ်နဲ့ ရင်းရင်းနှီးနှီး မသိသူတွေလည်းပါလေ့ရှိပါတယ်။ ဒါကြောင့် Facebook ကနေ ကိုယ့်ဖုန်းနံပါတ်၊ လိပ်စာတို့ မရဖို့ အရေးကြီးပါတယ်။

 

ကိုယ်ဘယ်ရောက်နေလဲ။ Where are you ဆိုတဲ့ နေရာ Check in ကို ဖြည့်မယ်ဆိုတိုင်း သတိထားပါ။

ဥပမာ ကိုယ်က အိမ်မှာ တစ်ယောက်တည်းနေပြီး ကိုယ် ခရီးသွားနေတဲ့ Check in တင်မယ်ဆိုရင်တော့ ကိုယ့်အိမ်ကို ၀င်ဖောက်ထွင်းဖို့ ဖိတ်ခေါ်နေသလိုပါဘဲ။

တခါတရံကိုယ့်ကို မကောင်းကြံချင်တဲ့သူတွေရှိရင်လည်း ကိုယ်ရှိနေတဲ့နေရာကို ဖိတ်ခေါ်သလိုမျိုး ဖြစ်တတ်ပါတယ်။

Password ကို ပြောင်းပေးပါ။

Password တစ်ခုတည်း အချိန်အကြာကြီး မသုံးပါနဲ့။ Password ပေးတဲ့အခါ ကိုယ့်မွေးနေ့၊ ကိုယ့်အမေ နာမည်စတဲ့ လွယ်လွယ်ကူကူ Password မပေးပါနဲ့။ ကိုယ့် Password မှာ Capital Letter၊ Small Letter၊ နံပါတ် စတာဖြင့် အစုံထည့်ပြီး ရှုပ်အောင်ပေးပါ။ ဒါပေမယ့် ကိုယ့် Password ကို ကိုယ်မှတ်မိအောင်တော့ ကြိုးစားပါ။

အထူးသဖြင့် ကွန်ပျုတာ ဝေမျှ သုံးရတဲ့ အလုပ်တွေမှာဆိုရင် အထူးဂရုစိုက်သင့်ပါတယ်။

သူငယ်ချင်းလက်ခံတဲ့အခါမှာ

သူငယ်ချင်း Request လုပ်လို့ လက်ခံမယ့်အခါမှာ သူ့အကြာင်းအနည်းဆုံး ကိုယ်သိတဲ့အချက်လေးတွေ ရှိမှ သာ လက်ခံသင့်ပါတယ်။ လက်မခံခင် သူ့ Facebook Profile ကို ကြည့်သင့်ပါတယ်။ အဲ့ဒီအပြင် ဒီ အကောင့်ကို သုံးတာ ဘယ်လောက်ကြာပြီလဲ၊ အရင်က ဘယ်လို Post တွေ တင်ခဲ့၊ Share ခဲ့လဲဆိုတာကအစ ကြည့်သင့်ပါတယ်။
မဟုတ်ရင် ကိုယ့်အန္တရာယ်ကိုယ်ဖိတ်ခေါ်သလိုပါဘဲ။ တချို့တွေက နှောင့်ယှက်ဖို့အတွက် အကောင့်တွေအများကြီး ဖွင့်ပြီး သုံးလေ့ရှိပါတယ်။ အခုမှ ဖွင့်တဲ့အကောင့်ဆို ပိုပြီး သတိထားသင့်ပါတယ်။ အဓိကကတော့ ကိုယ်နဲ့ အပြင်မှာ သိထားသူ ဒါမှမဟုတ် သူဘယ်သူလဲဆိုတာ စုံစမ်းလို့ရမယ့်သူ၊ ကိုယ့် Mutual Friends နဲ့ သူ့ Mutual Friends တူသာများတဲ့သူလောက်ကိုသာ စီစစစ်လက်ခံသင့်ပါတယ်။

Facebook သုံးတဲ့ကလေးကို မိဘအနေနဲ့ ဘယ်လို ကာကွယ်မလဲ။

Facebook ကို အနည်းဆုံး အသက် ၁၀ နှစ်ဝန်းကျင်မှသာ ပေးသုံးသင့်ပါတယ်။ သုံးတဲ့အခါမှာလည်း သူတို့ Password ကို မိဘအနေနဲ့ သိထားသင့်ပါတယ်။ အစကတည်းက သားသမီးနဲ့ မိဘကြား နားလည်မှု ယူထားရမယ့် ကိစ္စပါ။

အဲ့လို လုပ်လို့မရဘူးဆိုရင်လည်း Facebook၊ Twitter စတာတွေမှာ ဖွင့်ထားတဲ့ အကောင့်တွေကို လူမှုကွန်ယက်တွေကို စောင့်ကြည့်ပေးတဲ့ Online Monitoring တွေလည်း ရှိပါတယ်။ Google မှာ ရှာကြည့်လို့ရပါတယ်။

Link တစ်ခုကို Click မလုပ်ခင်မှာ Address Bar ကို ကြည့်ပါ။

တစ်ခါတစ်ခါ ကိုယ်ဖွင့်ချင်တဲ့ Website ကို ရောက်ဖို့အတွက် Click တွေ ထပ်ခါထပ်ခါနှိပ်နေရပြီ ဆိုရင် Address Bar ကို ကြည့်လိုက်ပါ။ Address Bar မှာ www.facebook.com မဟုတ်ဘဲ www.facebook33.tk တို့ www.facebook1.php တို့ဖြစ်နေရင် ဒါက ကိုယ့် Password ခိုးတဲ့ ဆိုဒ်တွေဘဲ ဖြစ်ပါတယ်။