အခုခေတ်မှာ လူတိုင်းမှာ လူမှုကွန်ယက် တစ်ခုခု သုံးကြစမြဲပါ။ ကျွန်တော်တို့ရဲ့ အနာဂတ် အစီအစဉ်တွေ၊ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံ၊ သတင်းဖတ်တာတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်စာရိုက်တာတွေကို လူမှုကွန်ယက်မှာ လုပ်ကြပါတယ်။ တခါတလေ ပုဂ္ဂိုလအချက်အလက်တွေတင်တာများရင် လူမှုကွန်ယက် Facebook တင်မကပါဘူး တခြား မသမာသူတွေလည်း တလွဲအသုံးချနိုင်ပါတယ်။

တည်နေရာ

တခါတလေ ကိုယ်ဓာတ်ပုံတင်လိုက်ရင် Facebook က အလိုအလျောက် ဓာတ်ပုံရဲ့ တည်နေရာကို တပ်ပေးတာမျိုး ရှိပါတယ်။ တခါတလေကိုယ်က Check in ၀င်တာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ကိုယ်ဘယ်နားမှာနေတယ်၊ ဘယ်နားမှာ အနားယူတယ်၊ ဘယ်နားမှာ အချိန်ဖြုန်းလေ့ရှိတယ်ဆိုတာ သင့်ကို စောင့်ကြည့်သူတွေက အလွယ်တကူသိရှိနိုင်ပါတယ်။

ဖုန်းနံပါတ်

ကိုယ့်ဖုန်းနံပါတ်ကို လူမှုကွန်ယက်နဲ့ချိတ်ဆက်ထားတာ၊ ကိုယ့်ဖုန်းနံပါတ်ကို လူမှုကွန်ယက်မှာ ထည့်ထားတာတွေက ကိုယ့်ကိုယ်ရေးအချက်အလက်တွေကို ခိုးခံရနိုင်မှု ပိုများပါတယ်။

မွေးနေ့

အများအားဖြင့် လူတွေက ကိုယ့် အရေးကြီး အချက်အလက်တွေကို လျို့ဝှက်နံပါတ် (Password) ပေးရာမှာ မွေးနေ့တို့၊ နာမည်တို့နဲ့ ပတ်သက်တာထားလေ့ရှိပါတယ်။ ဒါကြောင့် လူမှုကွန်ယက်မှာ ကိုယ့်မွေးနေ့အပြည့်အစုံ၊ နာမည်အပြည့်အစုံ မထည့်ထားသင့်ပါဘူး။ နောက်ပိုင်းမှာ ဘဏ်အကောင့်တွေ အခိုးခံရတဲ့အထိ ဖြစ်နိုင်ပါတယ်။

လက်မှတ်၊ ကဒ်တွေနဲ့ ပုဂ္ဂိုလိက စာရွက်စာတမ်းများ

တခါတလေ ကိုယ်ခရီးသွားတော့မယ့်အကြောင်းသူငယ်ချင်းတွေ သိစေချင်ရင် လေယာဉ်လက်မှတ်တွေနဲ့ တွဲတင်ပြီး မကြာခင်မှာ ပိတ်ရက်ခရီးရှည်ကြီး ထွက်တော့မယ် ဘာညာနဲ့ Status တင်လေ့ရှိပါတယ်။ အဲ့ဒီလက်မှတ်တွေမှာ Bar Code တွေ ပါသွားတတ်တာကြောင့် အဲ့ဒီ Bar Code ကနေ တစ်ဆင့်ကိုယ့် အကြောင်းတွေကို စုံစမ်းလို့ရပါတယ်။

ယာဉ်မောင်းလိုင်စင်၊ အကြွေးဝယ်ကဒ် (Credit) တွေနဲ့ ရလာရင် facebook ပေါ်တက် ကြွားလေ့ရှိပါတယ်။ အဲ့ဒီမှာ ပုဂ္ဂိုရေး အချက်အလက်တွေပါဝင်တာကြောင့် အန္တရာယ်ရှိပါတယ်။

ကိုယ်လုပ်ဆောင်မယ့် အစီအစဉ်တွေ လူမှုကွန်ယက်အပေါ် တင်ခြင်း

ရုံးပိတ်ရက်မှာ ဘယ်ခရီးသွားမယ်၊ ဘယ် ဂီတပွဲသွားမယ် စတာတွေကို သူငယ်ချင်းတွေသိဖို့ တင်ပေမယ့် တခြားသူတွေလည်းသိနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အိမ်ဖောက်ထွင်းခံရမှုတွေက ခရီးသွားချိန်မှာဖြစ်တတ်ပြီး ဖောက်ထွင်းသူတွေက သူတို့ရဲ့ လူမှုကွန်ယက်ကနေ သတင်းကိုရရှိတာကြောင့် အာမခံဝယ်ထားလည်း လျော်ကြေးမရတော့ပါဘူး။

မူးနေတဲ့ ဓာတ်ပုံများ

ကိုယ်တက်ခဲ့တဲ့ ပါတီမှာ ဘယ်လောက်ပျော်ခဲ့ကြောင်းလူတိုင်း ဓာတ်ပုံတွေ တင်ချင်ကြပေမယ့် မူးနေတဲ့ပုံ၊ မောက်နေတဲ့ပုံတွေ တင်မယ့် အခါပြန်စဉ်းစားပါ။ ကိုယ်က ဆယ်ကျော်သက်အရွယ်ဖြစ်နေရင် ပြဿနာမရှိပေမယ့် ကိုယ်က တာဝန်ကြီးကြီး အလုပ်တစ်ခုကို တာဝန်ယူထားရတဲ့ အသက်အရွယ်ဖြစ်နေရင် ကိုယ့်ဂုဏ်သိက္ခာအတွက်ပြန်စဉ်းစားပါ။