The Green Mile, Cast Away, Forrest Gump စတဲ့ ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်မေတ္တာကို ရရှိခဲ့တဲ့ မင်းသားကြီး Tom Hanks ဟာ ယနေ့မနက်ပိုင်းမှာ သူ့ရဲ့ဆိုရှယ်နက်ဝပ်အကောင့်တွေကနေ COVID-19 ကူးစက်ခံရကြောင်း အသိပေးခဲ့ပါတယ်။

Tom Hanks နဲ့ ဇနီးဖြစ်သူ Rita တို့ဟာ အဲလ်ဗစ် ပရက်စလေရဲ့ ဘဝဇာတ်ကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ လက်ရှိ သြစတြေးလျနိုင်ငံကို ရောက်ရှိနေခဲ့တာပါ။ ဒါပေမယ့် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲပင်ပန်းခြင်း စတဲ့ ရောဂါလက္ခဏာအချို့ ခံစားခဲ့ရတဲ့အတွက် ဆေးစစ်ခဲ့ရာမှာ လင်မယားနှစ်ဦးလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သိရှိခဲ့ရပါတယ်။

ဒီလိုတွေ့ရှိရပြီးနောက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ညွှန်ကြားမှုအတိုင်း Hanks မိသားစုဟာ သီးခြားခွဲထားပြီး စောင့်ကြည့်စမ်းသပ်ကုသတာကို လိုက်နာရမှာဖြစ်ကြောင်းနဲ့ ရှေ့ဆက်ပြီး Update သတင်းတွေကိုလည်း ဆက်တိုက်ထုတ်ပြန်ပေးပါ့မယ်လို့ မင်းသားကြီးက သူ့ရဲ့ဆိုရှယ်အကောင့်တွေမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ လက်ရှိ COVID-19 တွေ့ရှိမှု ၁၄၀ ခန့် အတည်ပြုထားပြီး ရုပ်ရှင်တွေထဲမှာ အမြဲတမ်းကံဆိုးလေ့ရှိတဲ့ Tom Hanks ဟာ ဒီတစ်ခါ ကပ်ဘေးကိုလည်း မရှောင်နိုင်ခဲ့ပြန်ပါဘူး။ အခုလို လူသိရှင်ကြား ထုတ်ဖော်ကြေငြာလိုက်တဲ့အတွက် သူဟာ COVID-19 ကူးစက်ခံရကြောင်း ပထမဆုံးအသိပေးလာတဲ့ ဆယ်လီဘရစ်တီလည်း ဖြစ်လာခဲ့ပါတယ်။

၂၀၁၉ ဒီဇင်ဘာက တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုအချိန်မှာ WHO ကနေ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူတစ်သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူက ၄၆၀၀ ကျော်ရှိပြီး ပြန်လည်ပျောက်ကင်းသွားသူ ၇ သောင်းနီးပါးရှိပါတယ်။ ဒါပေမယ့် အလွန်ကူးစက်မြန်ပြီး ကုသဆေးမတွေ့သေးတာကြောင့် MWC 2020 လို နည်းပညာပြပွဲကြီးတွေကို ရွှေ့ဆိုင်းခဲ့ရပြီး စမတ်ဖုန်းကုမ္ပဏီတွေတောင် သူတို့ရဲ့ထုတ်ကုန်သစ်တွေကို အွန်လိုင်းကပဲ မိတ်ဆက်ခဲ့ရပါတယ်။