ပြီးခဲ့တဲ့လတုန်းက Xiaomi က 4,000mAh ဘက်ထရီကို ၈ မိနစ်အတွင်း 0% ကနေ 100% အထိ အားသွင်းနိုင်တဲ့ 200W HyperCharge စနစ်ကို ထုတ်ပြသွားပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ 200W HyperCharge စနစ်ထောက်ပံ့ထားတဲ့ ဘယ်စမတ်ဖုန်းကိုမှ မတွေ့ရသေးပါဘူး။

အခုတော့ Cambridge တက္ကသိုလ်က သုတေသီတွေရဲ့ အားသွင်းနည်းပညာအကြောင်း သတင်းကပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ (စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့အမျိုးအစား) Lithium-ion ဘက်ထရီကို ၅ မိနစ်အတွင်း 0% ကနေ 100% အထိ အားသွင်းနိုင်တယ်လို့ ဆိုတာကြောင့်ပဲ ဖြစ်ပါတယ်။

Cambridge သုတေသီတွေရဲ့နည်းပညာဟာ ကုန်ကျစရိတ်နည်းပါးပြီး အားအပြည့်သွင်းရာမှာ ဘက်ထရီသံသရာလည်ပတ်မှုကို ဘယ်လိုတိုးမြှင့်နိုင်မလဲဆိုတာကို တွက်ချက်ထားတာကြောင့် အပူလွန်ကဲခြင်းမရှိသလို၊ အားသွင်းနှုန်းလည်း မြန်ဆန်တာဖြစ်တယ်လို့ The Independent က ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ဒီသုတေသနအဖွဲ့ကို Cambridge ရဲ့ Cavendish ဓတ်ခွဲခန်းက Dr. Ashkay Rao က ဦးဆောင်တာဖြစ်ပါတယ်။ သူတို့ဟာ Lithium-ion ဘက်ထရီတွေအတွက် အားသွင်းထားချိန်နဲ့၊ အားမသွင်းချိန်ပေါ်မူတည်ပြီး မတူညီတဲ့ အားသွင်းမြန်နှုန်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အားသွင်းတဲ့အခါမှာ မြန်နှုန်းဟာ Active material တွေရဲ့ ဒြပ်မှုန်တွေအပေါ်ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်ဖြတ်သန်းသွားမယ်ဆိုတဲ့အပေါ် မူတည်တယ်လို့ Dr. Rao က ပြောပါတယ်။ အားမသွင်းချိန်မှာတော့ မြန်နှုန်းဟာ Ion တွေက ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်ဖြည့်စွက်နိုင်တယ်ဆိုတဲ့အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ အကယ်၍ ဒီနှစ်ခုကို ထိန်းချုပ်နိုင်မယ်ဆိုရင် Lithium-ion ဘက်ထရီတွေကို ပိုပြီးတော့မြန်မြန်ဆန်ဆန် အားသွင်းနိုင်မှာဖြစ်တယ်လို့ Dr. Rao က ပြောဆိုထားပါသေးတယ်။

“အခုတွေ့ရှိခဲ့တဲ့နည်းပညာဟာ အမြန်နှုန်းကို ကြီးမားတဲ့ပြောင်းလဲမှုပေးကြောင်း၊ ဒါကြောင့် ဘက်ထရီရဲ့ အတွင်းပိုင်းလည်ပတ်မှုတွေကို မြန်မြန်ဆန်ဆန်ရွေ့လျားနိုင်အောင်လုပ်ဆောင်ပေးကြောင်း အစီရင်ခံစာကိုတွဲဖက်ရေ:သားတဲ့ Dr. Schnedermann က ထပ်မံဖြည့်စွက်ပြောဆိုထားပါသေးတယ်။

Ref: Phone Arena