Apple က စက်တင်ဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်ပွဲ တစ်ခု ကျင်းပမယ်လို့ အတည်ပြုထားပြီးပါပြီ။ အဲဒီပွဲမှာ ထုံးစံအတိုင်းဆိုရင် iPhone အသစ်တွေကို မြင်ရမှာ ဖြစ်ပြီး တခြား ထုတ်ကုန်တွေလည်း ပါလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စက်တင်ဘာလ ၁၄ ရက်နေ့ Apple Event မှာ ကြေညာနိုင်တဲ့ ထုတ်ကုန်တွေကို ပြောပြချင်ပါတယ်။

iPhone 13

Apple ဟာ ဒီနှစ်မှာ iPhone မော်ဒယ် ၄ လုံး ကြေညာနိုင်ပြီး ၅.၄ လက်မ iPhone 13 mini ၊ ၆.၁ လက်မ iPhone 13 ၊ ၆.၁ လက်မ iPhone 13 Pro နဲ့ ၆.၇ လက်မ iPhone 13 Pro Max တို့ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ iPhone 13 မော်ဒယ်တွေဟာ iPhone 12 မော်ဒယ်တွေနဲ့ ဒီဇိုင်း အများစု တူညီနိုင်ပြီး အနည်းငယ်ပဲ ပြောင်းလဲထားမှာပါ။ မော်ဒယ်အသစ်တွေဟာ နည်းနည်း ပိုထူလာနိုင်ပြီး အရောင်အသစ်တွေ ပါလာနိုင်ပါတယ်။

Side Button , Mute Button နဲ့ Volume Button တွေဟာ အနည်းငယ် နိမ့်သွားနိုင်ပြီး ကင်မရာ ဒီဇိုင်းတချို့ကို ပြောင်းလဲထားနိုင်ပါတယ်။ iPhone 13 Pro မှာ ကင်မရာ Bump ပိုကြီးလာပြီး 13 mini နဲ့ 13 ရဲ့ ကင်မရာတွေကို ထောင့်ဖြတ် နေရာချထားနိုင်ပါတယ်။

Face ID Notch ပိုသေးသွားနိုင်ပြီး နည်းပညာ ပိုတိုးတက်လာနိုင်ပါတယ်။ 13 Pro မှာ 120Hz “ProMotion” မျက်နှာပြင် ပါလာနိုင်ပြီး Apple Watch မှာလို Always-on Display နည်းပညာမျိုး ထည့်သွင်းထားနိုင်ပါတယ်။ A15 Chip မောင်းနှင်ထားပြီး စွမ်းရည်ပိုကောင်းလာသလို ဘက်ထရီ စားသုံးမှု နည်းပါးလာနိုင်ပါတယ်။ Qualcomm X60 Modem က ပိုမြန်တဲ့ 5G ကို ပံ့ပိုးပေးနိုင်ပြီး နောက်ဆုံးထွက် WiFi 6E ပါလာနိုင်ပါတယ်။ မော်ဒယ်အားလုံးမှာ ပိုကြီးတဲ့ ဘက်ထရီ ထည့်ထားနိုင်ပြီး 25W Charging ပါလာနိုင်ပါတယ်။

ကင်မရာအကြောင်းပြောရရင် 13 Pro နဲ့ Pro Max မှာ Low Light ဓါတ်ပုံတွေ ပိုကောင်းစေဖို့ ပိုကြီးတဲ့ Pixels တွေ ထည့်သွင်းထားနိုင်ပြီး Ultrawide ကင်မရာမှာ Autofocus နဲ့ Low Light ကောင်းစေတဲ့ f/1.8 Aperture ထောက်ပံ့ထားနိုင်ပါတယ်။ Sensor-shift Stabilization လုပ်ဆောင်ချက်ကို iPhone 13 မော်ဒယ်အားလုံးမှာ ထည့်သွင်းထားနိုင်ပြီး Pro မော်ဒယ်တွေရဲ့ Ultrawide ကင်မရာမှာလည်း ဒီနည်းပညာ ပါလာနိုင်ပါတယ်။

iPhone 13 မော်ဒယ်တွေဟာ ပထမဆုံး အနေနဲ့ 1TB Storage အထိ ထောက်ပံ့ထားနိုင်ပါတယ်။ Portless ဒီဇိုင်းနဲ့ Under-display Touch ID ပါလာမယ်လို့လည်း သတင်းထွက်နေပေမယ့် ရာခိုင်နှုန်း နည်းပါတယ်။

Apple Watch Series 7

ဒီနှစ် Apple Watch တွေမှာ ကျန်းမာရေး လုပ်ဆောင်ချက် အသစ်တွေ မပါလာနိုင်ပါဘူး။ ဒါပေမယ့် ဒီဇိုင်း ပြောင်းလဲထားနိုင်ပြီး ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစားတွေ ထုတ်လုပ်ထားနိုင်ပါတယ်။ Bezel တွေ ပါးလွှာလာနိုင်တဲ့အတွက် မျက်နှာပြင် ပိုကြီးလာမှာပါ။

အစိမ်းလို အရောင် အသစ်တွေ ထုတ်လုပ်ထားနိုင်ပြီး အဆင့်မြှင့်ထားတဲ့ S7 Chip မောင်းနှင်ထားနိုင်ပါတယ်။ Wireless ဆက်သွယ်မှု အသစ် ပါလာနိုင်ပြီး အရွယ်ပိုကြီးတဲ့ မျက်နှာပြင်အတွက် အထူး Watch Face တွေ ဖန်တီးထားနိုင်ပါတယ်။ “Time to Run , “Time to Walk” နဲ့ “Audio Meditations” လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။

AirPods 3

ဒီနှစ်မှာ AirPods အသစ်ကို ကြေညာနိုင်ပြီး AirPods Pro လို ဒီဇိုင်း သုံးထားနိုင်ပါတယ်။ Stem ပိုတိုလာပြီး ဆီလီကွန် ထိပ်ဖူး ပါလာမလားဆိုတာ မသေချာသေးပါဘူး။ လက်ရှိ မော်ဒယ်တွေမှာလို ထိပ်ဖူး မပါတဲ့ ဒီဇိုင်းကိုလည်း သုံးထားနိုင်ပါတယ်။

Case ဟာ လက်ရှိ AirPods တွေထက် ပိုတို၊ ပိုကျယ်လာနိုင်ပြီး AirPods Pro Case နဲ့ ပိုတူလာနိုင်ပါတယ်။ အတွင်းပိုင်း Hardware နဲ့ Wireless Chip တွေ တိုးတက်လာမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်း ပိုကောင်းလာနိုင်ပါတယ်။ AirPods 3 မှာ AirPods Pro လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Noise Cancellation မပါလာနိုင်ပါဘူး။

Software Update

Apple က iOS 15 , iPadOS 15 , watchOS 8 နဲ့ tvOS 15 တို့ကို iPhone အသစ်တွေ မရောင်းခင် ရက်အနည်းငယ်အလိုမှာ ဖြန့်ချိနိုင်ပါတယ်။ ဥပမာအနေနဲ့ iPhone တွေကို ၁၄ ရက်နေ့ ကြေညာပြီး ၂၄ ရက်နေ့ ရောင်းမယ်ဆိုရင် Software Update တွေကို ၂၂ ရက်နေ့ ဖြန့်ချိနိုင်ပါတယ်။

အရင်နှစ်က အတိုင်းဆိုရင် တချို့ Software Update တွေကို ၁၅ ရက်နေ့ ဖြန့်ချိနိုင်ပါတယ်။ Apple က ပွဲမှာ Software Update တွေ ဖြန့်ချိမယ့်အချိန်ကို ကြေညာနိုင်ပါတယ်။ အရင်က ဖြန့်ချိခဲ့တဲ့ အချိန်အတိုင်းဆိုရင် iOS 15 ပြီးနောက်မှာ macOS Monterey ကို ဖြန့်ချိနိုင်ပါတယ်။

Ref : macrumors