ကားအတွက် လုံခြုံရေး ကင်မရာ တွေက မြန်မာငွေကျပ် ၂ သောင်းကျော်လောက်ကနေပြီး မြန်မာငွေကျပ် ၃ သိန်း ကျော် ၄ သိန်းလောက် အထိ ရှိကြပါတယ်။ ဈေးကြီးတိုင်း အရည်အသွေးကောင်းကောင်း ကင်မရာတွေ ရနိုင်မယ်လို့လဲ မဆိုလိုပေမယ့် ဈေးနှုန်းနဲ့ ပစ္စည်း အရည်အသွေးကလည်း ထပ်တူကျလေ့ရှိပါတယ်။

ကားအတွက် လုံခြုံရေး ကင်မရာ မ၀ယ်ခင် သိရှိထားသင့်တဲ့ အချက်များကို ဝေမျှချင်ပါတယ်။

ဈေးသက်သာတဲ့ ကင်မရာတွေက အောက်ဖော်ပြပါ အချက်တချို့မပါလေ့ရှိပေမယ့် ဈေးမြင့်တဲ့ကင်မရာတွေမှာတော့ အားလုံးဒါမှမဟုတ် တော်တော်များများ အချက်တွေတော့ ပါသင့်ပါတယ်။

  • GPS
  • G-Force Sensor
  • အလိုအလျောက် အဖွင့်အပိတ် စနစ် (Automatic On/ Off)
  • ကင်မရာရဲ့ စခရင် (On-Device Display)
  • ပါဝါကြိုး အရှည်
  • Loop Recording
  • ဖိုင်သိမ်းဆည်းမှု ကောင်းမွန်ခြင်း
  • အလွယ်တကူ ဗီဒီယိုဖိုင်တွေ ပြန်ကြည့်နိုင်
  • အလွယ်တကူ တပ်ဆင်နိုင်ဖို့တို့ လိုအပ်ပါတယ်။

ကားလုံခြုံရေးကင်မရာမှာ မရှိမဖြစ်ရှိရမည့် အရည်အသွေး

ကားလုံခြုံရေးကင်မရာက ရိုက်ကူးလိုက်တဲ့ ဗီဒီယိုဖိုင်တွေက ကြည်လင်ပြတ်သားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကားမတော်တဆမှုမှာ ကိုယ်အပြစ်ကင်းဆင်ကြောင်းကို ဗီဒီယိုဖိုင်နဲ့ သက်သေပြနိုင်မှာပါ။ ဒါကြောင့် ကားလုံခြုံရေး ကင်မရာ (Dash Cams) ကထွက်တဲ့ ဗီဒီယိုဖိုင်တွေက အနည်းဆုံး (1280 × 720 Pixel) ရှိဖို့လိုပါတယ်။ တချို့ Dash Cams တွေဆို HD အရည်အသွေး (1920 × 1080 Pixel) တောင် ထွက်ပါတယ်။

ကင်မရာ တစ်ခုတည်းတပ်မှာလား အများကြီးတပ်မှာလား

ကင်မရာ တစ်ခုတည်းပါတဲ့ Dash Cams တွေက ဈေးကွက်ထဲမှာ များပါတယ်။ ကင်မရာတစ်ခုတည်းပါတဲ့ Dash Cams တွေကို ကားအရှေ့လေကာ မှန်မှာ တပ်ပြီး အရှေ့မြင်ကွင်းကို ရိုက်ကူးလေ့ရှိပါတယ်။

ကင်မရာတစ်ခုတည်းပါတဲ့ Dash Cams တွေက တပ်ဆင်ရတာလွယ်ကူပြီး ဆေးလိပ်မီးညှိတဲ့ အပေါက်ထဲထည့်ကာ တပ်ဆင်လေ့ရှိပါတယ်။

ကင်မရာတွေ အများကြီးပါတဲ့ Dash Cams တွေလည်း ရှိပါတယ်။ တစ်ခုကို ကားအရှေ့လေကာမှန်မှာတပ်ဆင်ပြီး ဒုတိယ ကင်မရာကို ကားအနောက်မှန်မှာ တပ်ဆင်လေ့ရှိပါတယ်။ ကောင်းတဲ့အချက်ကတော့ ကိုယ့်ကား ကို အနောက်ကနေ တစ်ယောက်ယောက်ဝင်တိုက်ခဲ့ပါက အဲ့ဒါကို ရိုက်ကူးနိုင်မှာပါ။

မကောင်းတဲ့အချက်ကတော့ ဒီလို Dash Cams မျိုးတပ်ဆင်မယ်ဆိုရင် ကင်မရာကို မီးပေးဖို့ ကိစ္စတွေမှာ ရှုပ်ထွေးပြီး ကျွမ်းကျင်တဲ့သူဆီမှာ တပ်ဆင်ရမှာဖြစ်ပါတယ်။ ကင်မရာတစ်ခုတည်းပါတဲ့ Dash Cams ထက်တော့ ပိုဈေးကြီးပါတယ်။

GPS

GPS ပါဝင်တဲ့အခါမှာ ဘယ်နားမှာ ကိုယ့်ကားက အတိုက်ခံရတယ်။ ကိုယ့်ကားလာတဲ့ လမ်းကြောင်းက ဘယ်လမ်းကြောင်းဖြစ်တယ်ဆိုတာကို သက်သေပြနိုင်မှာဖြစ်ပါတယ်။

G-Force Sensor

Dash Cams တွေမှာ Loop Recording လုပ်လေ့ရှိပါတယ်။ Loop Recording ဆိုသည်မှာ ဗီဒီယိုတွေကို ကားမောင်းတာနဲ့ တချိန်လုံး ရိုက်နေပြီး SD ကဒ်ပြည့်သွားရင် အရှေ့ဆုံးက ဗီဒီယိုတွေကို သူ့အလိုလိုဖျက်ပြီး ဆက်လက်ရိုက်ကူးတာကို ဆိုလိုပါတယ်။ G-Force Sensors က ရုတ်တရပ်တုန်ခါမှုဖြစ်သွားတာတွေ ရုတ်တရပ် အတိုက်ခံလိုက်ရတဲ့ ဗီဒီယို ရုပ်ကဒ်တွေကို ဖျက်တဲ့အထဲမပါအောင် သိမ်းဆည်းပေးထားတာပါ။

Parking Mode

ကိုယ့်ကားပါကင် ထိုးထားချိန်မှာ ရုတ်တရပ် ထိခိုက်မှု၊ တုန်ခါသွားတာရှိရင် အလိုလို ကင်မရာပွင့်ပြီး ဗီဒီယိုရိုက်ကူးရေးလုပ်တာဖြစ်ပါတယ်။ ကားပိတ်ဆို့မှုများတဲ့ ကားပါကင်တွေမှာ ရပ်ခဲ့ရင်တော့ အသုံးဝင်မှာဖြစ်ပါတယ်။

SD မန်မိုရီကဒ်

အများအားဖြင့် Dash Cams တွေမှာ ၀ယ်ကတည်းက တခါတည်း SD ကဒ်ပါဝင်လေ့ရှိပါတယ်။ အကယ်၍ ကိုယ်တိုင် Dash Cams အတွက် မန်မိုရီကဒ်ဝယ်ဖို့ ရှိလာရင်လည်း SD ကဒ် ကို Class 6 အထက် ကဒ်တွေသာ ၀ယ်ပါ။ အဲ့ဒါမှသာ ကောင်းမွန်တဲ့ ဗီဒီယို ရုပ်ကဒ်ကို ရိုက်နိုင်မှာဖြစ်ပါတယ်။