နောက်မျိုးဆက် စမတ်ဖုန်း Photography အတွက် Image Processing ဟာ အဓိက အရေးပါလာမှာပါ။ Vivo နဲ့ Xiaomi တို့လို တရုတ် Brand တွေဟာ ကိုယ်ပိုင် Image Signal Processing (ISP) နည်းပညာတွေကို ဖန်တီးနေကြပါတယ်။ OPPO ကလည်း ကိုယ်ပိုင် Chip ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ နောက်ထွက်မယ့် စွမ်းရည်မြင့် Pixel 6 ရဲ့ Custom Tensor SoC မှာ Google က ဓါတ်ပုံ အရည်အသွေးတိုးတက်စေဖို့ Machine Learning ထည့်သွင်းထားမှာပါ။

Custom Imaging Chip ပြိုင်ပွဲဟာ ၂၀၂၂ ခုနှစ် ၁ နှစ်လုံး ပြင်းထန်လာမှာပါ။

ပိုကောင်းတဲ့ Imaging အတွက် တွန်းအား

ဓါတ်ပုံ အရည်အသွေး ပိုကောင်းဖို့နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပံ့ပိုးဖို့အတွက် Custom ISP နည်းပညာဟာ အဓိက ဖြစ်လာမှာပါ။ Xiaomi ရဲ့ Surge C1 ဟာ Low-light Image စွမ်းရည် ပိုကောင်းပြီး Focusing , Auto-exposure နဲ့ Auto-white Balance တွေ ပိုတိုးတက်လာမှာပါ။ အဆင့်မြင့် ISP ဟာ ပိုမြန်၊ ပိုစွမ်းရည်မြင့်တဲ့ HDR နဲ့ Machine Learning ကို ပံ့ပိုးပေးနိုင်ပါတယ်။

ဟန်းဆက် အဆင့် Image Sensor တွေဟာ ပိုကောင်းလာပေမယ့် စမတ်ဖုန်းကင်မရာတွေဟာ Image Sensor အရွယ်အစားမှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ အရွယ်အစား ကြီးတာ သုံးရင် ကင်မရာ Bump တွေပိုထူလာမှာ ဖြစ်သလို ဘက်ထရီ အရွယ်အစားတွေ ချုံ့ရမှာပါ။ အဲဒီအတွက် စတ်ဖုန်းတွေမှာ Multi-ISO , Multi-exposure, Single-frame Progressive HDR တို့လို နည်းပညာအသစ်တွေနဲ့ Processing နည်းလမ်း အသစ်တွေကို ဖန်တီးလာကြရပါတယ်။ ဒါပေမယ့် ဒီလို စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေအတွက် ပိုမြန်၊ ပိုစွမ်းရည်မြင့်တဲ့ Silicon တွေ လိုအပ်ပါတယ်။ အဲဒီအတွက် ခေတ်သစ် စမတ်ဖုန်း နယ်ပယ်မှာ ISP က အဓိက နေရာက ပါဝင်လာပါတယ်။

တရုတ်က ကိုယ်ပိုင် Silicon ကို အလိုရှိနေပါတယ်။

တရုတ် ကုမ္ပဏီတွေဟာ Custom Imaging Silicon ကို ကြိုးစား ဖန်တီးနေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ တရုတ်ဟာ Silicon အပိုင်းမှာ အနောက်နိုင်ငံတွေကို မှီခိုနေရတာကို လျှော့ချချင်လို့ ဖြစ်ပါတယ်။

Image Signal Processor တွေဟာ ပင်မ SoC ကနေ ခွဲထွက်ဖို့ စမတ်ဖုန်းရဲ့ အဓိက Silicon အစိတ်အပိုင်းတွေထဲက ၁ ခု ဖြစ်ပါတယ်။ External Machine Learning Chip တွေကိုလည်း အဲဒီလိုလုပ်နိုင်ပြီး တရုတ် ကုမ္ပဏီတွေဟာ In-house ဒီဇိုင်းကို ကြိုးစားဖန်တီးနေကြပါတယ်။ ဒါပေမယ့် 5G , CPU နဲ့ Graphic အစိတ်အပိုင်းတွေအတွက် အနောက်နိုင်ငံတွေကို ပိုမှီခိုနေရပါတယ်။ Huawei ဟာ ကိုယ်ပိုင် SoC တွေ ဖန်တီးဖို့ Modem IP ပါတဲ့ မိုဘိုင်း Silicon တွေ ထုတ်လုပ်နိုင်တဲ့ တစ်ခုထဲသော တရုတ် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ဟာ CPU , GPU နဲ့ တခြားနည်းပညာတွေအတွက် အနောက်နိုင်ငံကို အားကိုးနေရတုန်းပါပဲ။ Xiaomi ကလည်း စွမ်းရည်နိမ့် Surge S1 SoC ကို ဖန်တီးပါတယ်။

နောက်မျိုးဆက် Mobile Photography ပြိုင်ပွဲရဲ့ အဓိက ဖြစ်လာမယ့် Custom ISP

မိုဘိုင်း နယ်ပယ်မှာ အဆင့်မြင့် Imaging နဲ့ ကွန်ပြူတာ အခြေပြု Photography တွေ ခေတ်စားလာတာ နှစ်အနည်းငယ်ရှိလာပြီ ဖြစ်ပြီး စမတ်ဖုန်းတွေဟာ ဓါတ်ပုံ အရည်အသွေးကန့်သတ်ချက်တွေကို ကျော်လွန်လာကြပါပြီ။ အဲဒီ အပိုင်းမှာ Image Signal Processor တွေဟာ အဓိကကျတဲ့ အစိတ်အပိုင်း  ဖြစ်ပြီး အခြေခံ ဖြစ်တဲ့ Autofocus နဲ့ Exposure ကနေ အဆင့်မြင့်တဲ့ HDR, AI အခြေပြု Algorithm တွေအထိ ထောက်ပံ့ပေးနိုင်ပါပြီ။

Custom ISP Silicon တွေရဲ့ နံပါတ် ၁ အလုပ်က ဓါတ်ပုံ အရည်အသွေး တိုးတက်ဖို့ ဖြစ်ပြီး Hardware အသစ်တွေက Consumer Photography ကို နောက် ၁ ဆင့် တိုးတက်စေပါတယ်။ ဒါကို Google Pixel ဖုန်းတွေက သက်သေပြပြီးပါပြီ။ အချုပ်ပြောရရင် Custom ISP တွေဟာ ၂၀၂၂ ခုနှစ် ၁ နှစ်လုံးမှာ စမတ်ဖုန်း Photography အတွက် အဓိက အရေးပါလာမှာပါ။

Ref : androidauthority