Apple ဟာ ဒီလထဲမှာ iPhone အသစ်တွေကို ကြေညာတော့မယ်လို့ ထင်ရပြီး အဲဒီ ဖုန်း အသစ်တွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပါတယ်။ အဲဒီ သတင်းသာ မှန်မယ်ဆိုရင် iPhone အသစ်တွေမှာ Emergency လုပ်ဆောင်ချက် ၂ ခု ပါလာနိုင်ပါတယ်။

၁။ ဂြိုလ်တု အခြေပြု Emergency Message

iPhone ကနေ ဂြိုလ်တု ဆက်သွယ်မှုကို အသုံးပြုကာ မိသားစုဝင်တွေ၊ အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေကို Emergency Message တွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဆယ်လူလာ ကွန်ရက် မရတဲ့ အခြေအနေမှာ ဂြိုလ်တု ဆက်သွယ်မှုကို အသုံးပြုမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ iPhone မှာ iMessage နဲ့ SMS တွေကို အသုံးပြုနိုင်တာ ဖြစ်ပြီး ဂြိုလ်တု အခြေပြု Emergency Message က တတိယ ဆက်သွယ်ရေး နည်းလမ်း ဖြစ်လာမှာပါ။ Apple ဟာ iMessage နဲ့ SMS အတွက် Message Bubble တွေကို အပြာနဲ့ အစိမ်းရောင် အသီးသီး သတ်မှတ်ထားတာ ဖြစ်ပြီး ဂြိုလ်တု အခြေပြု Message အတွက် အညိုရောင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အနာဂတ်မှာ ဂြိုလ်တု အခြေပြု ဖုန်းပြောဆိုမှုကိုလည်း ထောက်ပံ့မယ်လို့ သတင်းထွက်နေပြီး iPhone တွေရဲ့ Emergency SOS လုပ်ဆောင်ချက် ပိုကောင်းလာနိုင်ပါတယ်။

၂။ Emergency ဖြစ်ရပ်တွေကို သတင်းပို့နိုင်မယ့် လုပ်ဆောင်ချက် အသစ်

အနာဂတ် iPhone တွေမှာ Emergency ဖြစ်ရပ်တွေကို သတင်းပို့နိုင်မယ့် လုပ်ဆောင်ချက် အသစ် ပါလာနိုင်ပါတယ်။ ကား မတော်တဆဖြစ်တာ၊ လေယာဉ်ပျက်ကျတာနဲ့ သင်္ဘောနစ်မြုပ်တာတို့လို ကြီးကြီးမားမား ဖြစ်ရပ်တွေကို အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေဆီကို သတင်းပေးပို့နိုင်မှာပါ။

iPhone က အရေးပေါ်ဖြစ်ရပ် အမျိုးအစား၊ ဒဏ်ရာရရှိမှု အခြေအနေနဲ့ Search & Rescue Service တွေလိုအပ်သလား ဆိုတဲ့ သတင်းအချက်အလက်တွေကို မေးမြန်းမှာ ဖြစ်ပြီး အဲဒီ သတင်းအချက်အလက်တွေကို အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေဆီကို ပေးပို့မှာပါ။ Apple Health App မှာ Medical ID ကို ထည့်သွင်းထားရင် iPhone က အဲဒီ သတင်းအချက်အလက်တွေကိုပါ ပေးပို့ပေးမှာပါ။

ref : makeuseof