Mobile Legends ဂိမ်းမှာ နာမည်အကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ EVOS Esports ရဲ့ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် Ivan Yeo “ToxiCEO” ဟာ လာမယ့် MPL MY/SG Season 6 အတွက် EVOS SG အသင်း လူစာရင်းမှာ သူ့ကိုယ်သူ ထည့်သွင်းလာတာကို တွေ့ရပါတယ်။

MPL MY/SG ရဲ့ တရားဝင် အင်စတာဂရမ် အကောင့်ဟာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေရဲ့ လူစာရင်းတွေကို တင်လာခဲ့ပြီး EVOS SG အသင်းမှာတော့ ToxiCEO နဲ့အတူ မနှစ်က ပါဝင်ခဲ့တဲ့ Soul, JPL, Pokemon တို့သုံးယောက်အပြင် လူသစ်တွေဖြစ်တဲ့ Potato နဲ့ AEON တို့ကိုပါ မြင်တွေ့ရပါတယ်။

Ivan Yeo ရဲ့ ပါဝင်မယ့် နေရာကိုတော့ မသိရသေးဘဲ ပုံမှန် ကစားသမားထက် အရံ ကစားသမား သို့မဟုတ် နည်းပြ တစ်ခုခု ဖြစ်နိုင်ပါတယ်။ အတိအကျ မသိရသေးပေမယ့် ဒီလို အဖြစ်မျိုးက စိတ်လှုပ်ရှားစရာ ကောင်းတာတော့ အမှန်ပါပဲ။

MPL MY/SG S6 မှာတော့ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက အသင်းဆယ်သင်း ဝင်ရောက်ကစားမှာဖြစ်ပြီး Team Bosskur, Geek Fam, Todak, Orange, Resurgence, EVOS SG တို့ကို တိုက်ရိုက်ဖိတ်ခေါ်ထားကာ Team SMG, Bella Ciao, Forsaken နဲ့ Divinity Esports တို့ကတော့ လက်ရည်စစ်ပွဲကနေ တက်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

MPL MY/SG S6 ပြိုင်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့မှာ စတင် ကစားမှာ ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ ရှုံးထွက်ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်မှာပါ။ Esports အသင်း တည်ထောင်သူတွေဟာ ကိုယ်တိုင် ဝါသနာပါလို့ ဖွဲ့စည်းကြတာ ဖြစ်ပေမယ့် ကစားသမား ဘဝကနေ ဖွဲ့စည်းတည်ထောင်ခဲ့တာ မဟုတ်ဘဲ နောက်မှ အသင်းထဲ ဝင်ပါတယ် ဆိုတာတော့ အတော်လေးကို ရှားပါတယ်။

Ref – ONE Esports