အခုအချိန်မှာတော့ Telegram ဟာ မြန်မာပြည်သူတွေအတော်များများ သုံးစွဲလာကြတဲ့ Messaging app တစ်ခု ဖြစ်နေပါပြီ။ Telegram ဟာ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစိတ်ချရမှုနဲ့ပတ်သက်ရင် နာမည်ရထားသလို၊ သုံးစွဲရလွယ်ကူစေတဲ့ လုပ်ဆောင်ချက်အတော်များများကိုလည်း ထည့်သွင်းပေးထားပါတယ်။

Telegram ဟာ Cloud base ပါ။ ဒါပေမဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အသုံးပြုသူရဲ့ Device ထဲ ဆွဲချပြီး သိမ်းထားလေ့ရှိပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်သူတွေကတော့ Telegram cache ဖိုင်တွေရှင်းလေ့ရှိကြပေမဲ့၊ မသိတဲ့သူအချို့ကတော့ Cache ဖိုင်တွေကြောင့် ဖုန်းရဲ့သိုလှောင်မှုတွေလျော့ကျသွားလေ့ရှိကြပါတယ်။ အထူးသဖြင့် ငါ့ဖုန်းက ဘာဖြစ်လို့ Space နည်းလာပါလိမ့်လို့ တွေးနေကြသူတွေ Telegram သုံးထားရင် Cache တွေ ဖျက်ဖြစ်လား ပြန်စစ်ဆေးကြည့်သင့်ပါတယ်။

Telegram cache တွေဖျက်ဖို့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ လိုင်းသုံးကြောင်းကို နှိပ်လိုက်ရပါမယ်။ ပြီးရင် စက်သွားပုံနဲ့ Setting ကိုသွားပြီး Data and Storage ကို နှိပ်ရပါမယ်။ အထဲရောက်သွားရင် Disk and network usage အောက်က Storage Usage ကို နှိပ်ရပါမယ်။ Storage Usage ခေါင်းစဉ်အောက်မှာ Keep Media, Device storage ဆိုပြီးတွေ့မြင်ရမှာပါ။

Keep Media မှာတော့ Cloud ထဲက ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို Device ထဲမှာ အချိန်ဘယ်လောက်ကြာကြာထားမလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်။ ၃ ရက်၊ ၁ ပတ်နဲ့ ၁ လအပြင် အမြဲတမ်းထားမယ်ဆိုတာကို ရွေးနိုင်ပါတယ်။ ဖယ်ရှားပြီးသား ပုံ၊ ဗီဒီယိုနဲ့ အခြားဖိုင်တွေအားလုံးဟာ Telegram cloud မှာရှိနေတာကြောင့် နောက်တစ်ကြိမ်လိုအပ်လာရင် ပြန်ပြီး Download လုပ်နိုင်တာပဲ ဖြစ်ပါတယ်။

Device storage မှာတော့ Telegram Cache အရွယ်အစားဘယ်လောက်ရှိတယ်၊ အခြား App တွေက ဘယ်လောက်ရှိတယ်၊ နေရာလွတ်က ဘယ်လောက်ကျန်သေးတယ်ဆိုတာကို ပြသထားပါတယ်။ အဲဒီအောက်က Clear Telegram Cache ကို နှိပ်လိုက်ရင် Cache တွေကို ဖော်ပြပေးလာမှာပါ။ Photos, Videos, Music, Files စတာတွေထဲက ကိုယ်ရှင်းထုတ်ပစ်ချင်တာတွေကို အမှန်ခြစ်ပေးပြီး ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Telegram