Microsoft ဟာ Surface Pro 8 ကို စတင်လုပ်ဆောင်နေပြီဆိုတဲ့သတင်းထွက်ခဲ့တာတော့ အနည်းငယ်ကြာခဲ့ပါပြီ။ ဒါပေမယ့် Surface Pro 8 နဲ့ ပတ်သက်ပြီး အကောင်အထည်မမြင်ခဲ့ရဘဲ၊ ကောလာဟလအနေနဲ့ သာရှိနေခဲ့တာပါ။ အခုတော့ Microsoft Surface Pro 8 ရဲ့ Engineering sample ကို eBay ကတစ်ဆင့် တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

eBay မှာတင်ထားတဲ့ Microsoft Surface Pro 8 ရဲ့ Engineering sample ကို Redditor Unreliable_noob က ဝယ်ယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာအခုအချိန်ထိ တရားဝင်ထုတ်ပြခြင်းမရှိသေးတဲ့ Device ရဲ့ ပုံကိုလည်း လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ထားတဲ့ပုံတွေက အတော်လေးကို ကြည်လင်ပြတ်သားတဲ့ပုံတွေလည်း ဖြစ်ပါတယ်။

MSPowerUser ရဲ့ ဖော်ပြချက်အရ Surface Pro 8 ရှေ့ပြေးပုံစံဟာ ယခင်ထုတ်လုပ်ခဲ့တဲ့ Surface Pro 7 နဲ့ အတော်လေးကွာခြားတာကို တွေ့ရပါတယ်။ အပြင်ဒီဇိုင်းပိုင်းအများစုက တူညီပေမယ့် အတွင်းအစိတ်အပိုင်းတွေကတော့ ကွဲပြားခြားနားပါတယ်။ Intel Core i7_1165G7 processor ကို 32GB of RAM နဲ့ 1TB SSD storage တို့နဲ့ တွဲဖက်ပေးထားတာကို တွေ့ရပါတယ်။

Microsoft Surface Pro 8 မှာ Thunderbolt 3 port မပါဝင်ပေမယ့် Surface Pro 7 မှာသုံးထားတဲ့ 45,000mWh ဘက်ထရီထက် ပိုကြီးတဲ့ 50,030mWh ဘက်ထရီကို သုံးထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရှေ့ပြေးပုံစံ အင်ဂျင်နီယာနမူနာတစ်ခုဖြစ်နေသေးသလို၊ ကုမ္ပဏီက ဒီဇိုင်းနဲ့ အခြားရှုထောင့်တွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့ဘက်မှာ Bezel-less ဒီဇိုင်းသစ်မျိုး ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina