Google Chrome Extension တွေဟာ သင့် အလုပ်ပြီးမြောက်ဖို့အတွက် အကူအညီများစွာ ပေးပါတယ်။ စာရေးသူတွေအတွက်လည်း Extension များစွာ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Grammarly

Grammarly က Spelling နဲ့ Grammar အမှားတွေကို စစ်ဆေးပေးနိုင်ပါတယ်။ အခမဲ့ သုံးရင် လုပ်ဆောင်ချက်တွေကို အကန့်အသတ်နဲ့ပဲ သုံးနိုင်မှာ ဖြစ်ပြီး အခပေး သုံးရင်တော့ လုပ်ဆောင်ချက် အားလုံး သုံးနိုင်မှာပါ။

အီးမေး ရေးတဲ့အခါနဲ့ Google Docs မှာ စာရေးတဲ့အခါ ဒီ Extension က အသုံးဝင်ပါတယ်။ Suggestion တွေကြည့်ဖို့ ဝင်းဒိုး ညာဘက်အောက်ခြေက Grammarly Icon ကို နှိပ်ပါ။

ဘာသာစကား ရွေးချယ်တာ၊ Prediction ကို Enable လုပ်တာ၊ Synonyms စတဲ့ Settings တွေကို ကြည့်ဖို့၊ ပြင်ဖို့အတွက် Chrome Browser က Grammarly Extension Icon ကို နှိပ်ပါ။

၂။ OneTab

စာရေးသူတွေအတွက် အကြောင်းအရာ တစ်ခုကို Research လုပ်တဲ့အခါ ဝက်ဘ်ဆိုက်များစွာကို ဖွင့်ထားကြရပါတယ်။ ဒါပေမယ့် Tab များစွာကို ဖွင့်ထားတဲ့အတွက် မျက်စိရှုပ်သလို System Resources များစွာကို အသုံးပြုရပါတယ်။

OneTab Extension က ဖွင့်ထားတဲ့ Tab အားလုံးကို တစ်စုတစ်စည်းထဲ သိမ်းထားပေးကာ နောက်ပိုင်းမှာ ပြန်သုံးနိုင်အောင် စာရင်းပြုစုပေးထားပါတယ်။

ဘရောက်စာ ပိတ်လိုက်ရင်လည်း အဲဒီစာရင်းကို သိမ်းထားပေးပါတယ်။

ဒီ Extension ကို သုံးဖို့အတွက် ဘရောက်စာက OneTab Icon ကို နှိပ်ပါ။ ဒါဆိုရင် ဖွင့်ထားတဲ့ Tab အားလုံးကို စာရင်းနဲ့ သိမ်းပေးထားမှာပါ။ Tab Group တွေနဲ့ သိမ်းနိုင်သလို နာမည်ပေးတာ၊ Lock လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။

၃။ StayFocusd

စာရေးသူတွေအတွက် အနှောင့်အယှက် ဖြစ်စေတာက စာရေးနေရင်း လူမှုကွန်ရက်နဲ့ ဖျော်ဖြေရေး ဝက်ဘ်ဆိုက်တွေကို ကြည့်တတ်ကြတာပါ။ StayFocusd က အဲဒီ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ပေးထားခြင်းဖြင့် စာရေးတာကိုပဲ အာရုံစိုက်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဘယ်အချိန်မှာ ပိတ်ပင်ရမလဲ၊ ဘယ်အချိန်မှာ ဖွင့်ပေးထားရမလဲ စတဲ့ Settings တွေကို သင့်စိတ်ကြိုက် ရွေးချယ်ထားနိုင်ပါတယ်။ ဥပမာအနေနဲ့ StayFocusd Icon ကို နှိပ်လိုက်ရင် လက်ရှိ ဝက်ဘ်ဆိုက်ကို ပိတ်ပင်နိုင်ပါတယ်။

Settings ထဲမှာ ဝက်ဘ်ဆိုက်တစ်ခုကို ရက်နဲ့ချီကာ ပိတ်ပင်တာ၊ ဝက်ဘ်ဆိုက်တစ်ခုကို တစ်ရက်မှာ ဘယ်နှစ်နာရီ ကြည့်ရမလဲ ကန့်သတ်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။ Blocked Sites လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

စာအကြာကြီး ရေးတော့မယ် ဆိုရင် ပိတ်ပင်ချင်တဲ့ ဝက်ဘ်ဆိုက်တွေကို ရွေးချယ်တာ၊ အချိန်ကာလ သတ်မှတ်တာတွေ ပြုလုပ်နိုင်တဲ့ Nuclear Option က အသုံးဝင်ပါတယ်။

Ref : makeuseof