ဒီနေ့ခေတ်မှာ စမတ်ဖုန်းကတစ်ဆင့် စာဖတ်တာ၊ ကွန်ပျူတာကတစ်ဆင့် စာဖတ်တာတွေကို လွယ်လင့်တကူပြုလုပ်နိုင်ပြီဆိုပေမဲ့ တကယ့်စက္ကူစာအုပ်ကို လက်ကကိုင်ပြီးဖတ်ရတာနဲ့ အရသာချင်း၊ အတွေ့အကြုံချင်းတော့ မတူပါဘူး။ ဒါကြောင့် စာဖတ်ဝါသနာပါသူအတော်များများဟာ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတွေကို ကြည့်ရှုရတဲ့ ခံစားချက်နဲ့အနီးစပ်ဆုံးတူညီတဲ့ Device အဖြစ် E-reader တွေကို မျက်စိကျလာကြပါတယ်။

E-reader ဝယ်ဖို့ရွေးရတယ်ဆိုတာ ကွန်ပျူတာဝယ်ဖို့၊ စမတ်ဖုန်းဝယ်ဖို့ ရွေးရသလိုပဲ ကိုယ်နဲ့ကိုက်ညီတဲ့လိုအပ်ချက်ကို သိဖို့လိုအပ်ပါတယ်။ လိုအပ်ချက်တွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြပေမဲ့ ယေဘုယျအားဖြင့် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကတော့ တူညီကြပါတယ်။ ဒါကြောင့် E-reader ဝယ်ဖို့စဉ်းစားပြီးဆိုရင် အခြေခံအချက်အလက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Screen အရွယ်အစား

အရင်ဦးဆုံးစဉ်းစားသင့်တာက E-reader ရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ Resolution ပါ။ ပျမ်းမျှအားဖြင့်တော့ ၆ လက်မနဲ့ ၇ လက်မခွဲကြားကို ရွေးချယ်သင့်ပါတယ်။ လက်ထဲမှာကိုင်ထားဖို့ အသင့်တော်ဆုံးအရွယ်အစားဖြစ်သလို၊ ဖော်ပြလာမဲ့ စာလုံးအရွယ်အစားကလည်း ကြည့်မြင်ဖတ်ရှုနေကျအရွယ်အစားနဲ့ အနီးစပ်ဆုံးဖြစ်တာကြောင့်ပါပဲ။

E-reader အများစုဟာ Electronic ink (အီလက်ထရောနစ် မင်) နဲ့ Electronic paper (အီလက်ထရောနစ် စာရွက်) ကို အသုံးပြုထားကြတာပါ။ ဒါကြောင့် စက္ကူစာရွက်တစ်ရွက်ပေါ်က ပုံနှိပ်မင်နဲ့စာသားကို ဖတ်နေရသလိုပါပဲ။ အဲဒီမှာ Sharpness, Contrast, Light စတဲ့ Features တွေကို ထောက်ပံ့ထားတဲ့ E-reader က ပိုပြီးရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲ။

သိုလှောင်မှု အရွယ်အစား

ဒီနေ့ခေတ် E-reader တွေမှာ သိုလှောင်မှုပမာဏကို အနည်းဆုံးတော့ 4GB ထောက်ပံ့ပေးထားပါတယ်။ ဒီပမာဏက စာအုပ်ပေါင်း ထောင်နဲ့ချီပြီး သိမ်းဆည်းထားနိုင်ပါတယ်။ အကယ်၍ 8GB ဆိုရင် ပျမ်းမျှအားဖြင့် စာအုပ်ပေါင်း ၆ထောင်နီးပါး သိမ်းဆည်းထားနိုင်တယ်လို့သိရပါတယ်။ 32GB, 64GB တို့ဆိုရင်တော့ စာကြည့်တိုက်တစ်ခုစာ စုဆောင်းထားနိုင်မှာပါ။ တစ်ခုသတိထားရမှာက E-reader တိုင်းဟာ Audio book ကို ထောက်ပံ့မပေးနိုင်ဘူးဆိုတာပါပဲ။

ဘက်ထရီကိစ္စ

E-reader တွေမှာ တစ်ကြိမ်အားသွင်းပြီးတာနဲ့ ရက်သတ္တပတ်အတော်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီတွေ တပ်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ Feature တွေက ဘက်ထရီသုံးစွဲမှုကို ပိုပြီးမြင့်တက်စေတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် ဘက်ထရီစွမ်းဆောင်ရည်ကောင်းထောက်ပံ့ထားတဲ့ E-reader ကိုပိုင်ဆိုင်ထားရင်တောင်မှ မလိုအပ်တဲ့ Feature တွေကို ပိတ်ထားသင့်ပါတယ်။ Kindle Touch နဲ့ Kindle Keyboard တို့ဆိုရင် Wi-Fi ပိတ်ထားရင် ဘက်ထရီသက်တမ်းက နှစ်လနီးပါးလောက် အထားခံပါတယ်။ ဒါပေမဲ့ Kindle Fire ဆိုရင်တော့ ၈ နာရီလောက်ပဲထားလို့ရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် E-reader ရွေးတဲ့နေရာမှာ ဘက်ထရီကိစ္စကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။

Ref: Google