တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက Mi Max 3 စမတ်ဖုန်း ကို တရားဝင် မိတ်ဆက် ပေးခဲ့ပါတယ်။ Mi Max 3 စမတ်ဖုန်း မှာ Processor အနေနဲ့ Snapdragon 636 SoC ကို အသုံးပြု ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း Xiaomi အနေနဲ့ Snapdragon 710 SoC၊ RAM 6GB၊ Internal Storage 128GB ပါဝင်တဲ့ Mi Max 3 Pro စမတ်ဖုန်း ကို ထပ်မံ မိတ်ဆက် သွားနိုင်တယ်လို့ ကောလာဟလများ က ဆက်တိုက် ဆိုသလို ထပ်မံ ထွက်ပေါ်လို့ နေခဲ့ပါတယ်။

ယခုအခါမှာတော့ Xiaomi ရဲ့ Product Marketing Director ဖြစ်တဲ့ Zhi Zhiyuan ကိုယ်တိုင် သူ့ရဲ့ Weibo အကောင့်ကနေ တစ်ဆင့် Xiaomi Mi Max 3 Pro စမတ်ဖုန်း ကို ထုတ်လုပ် ပေးသွားမှာ မဟုတ်ကြောင်း အတည်ပြု ပေးလိုက်ပြီး ကောလာဟလများ ကို အဆုံးသတ် ပေးခဲ့ပါတယ်။

အထက်မှာ ဖော်ပြ ပေးထားတဲ့ Weibo Post မှာဆိုရင် Xiaomi အနေနဲ့ Snadragon 710 အသုံးပြု Mi Max 3 Pro ကို ထပ်မံ မိတ်ဆက် ပေးသွားမှာ မဟုတ်ကြောင်း အတည်ပြု ပေးထားတာပဲ ဖြစ်ပါတယ်။

Xiaomi Mi Max 3 မှာ Snapdargon 636 ကို အသုံးပြုထားပြီး Mid-Range စမတ်ဖုန်းတွေထဲမှာ ကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် Mi Max 2 အသုံးပြုရာကနေ အဆင့်မြှင့်တင်ချင်သူများ အတွက် သင့်တော်တဲ့ စမတ်ဖုန်း မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။ Mi Max 2 နဲ့ ယှဉ်ကြည့်မယ် ဆိုရင် Mi Max 3 မှာ Display လည်း ပိုကြီးသွားတယ်၊ ဘက်ထရီ ပမာဏလည်း ပိုမို များပြားလာတယ်၊ Processor လည်း ပိုမို ကောင်းမွန်လာတယ်၊ ဒီဇိုင်းပိုင်းလည်း ပြောင်းလဲ သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ အခုလို Snapdragon 710 SoC အသုံးပြု Mi Max 3 Pro ကို မိတ်ဆက် မပေးရတဲ့ အဓိက အကြောင်းပြချက်ကတော့ မေလ ၃၁ ရက်နေ့မှာ Xiaomi Mi 8, Mi 8 Explorer Edition တို့နဲ့ အတူ မိတ်ဆက် ပေးခဲ့တဲ့ ပထမဆုံး Snapdragon 710 SoC အသုံးပြု Xiaomi Mi 8 SE စမတ်ဖုန်း ရဲ့ ရောင်းအား ကျသွားမှာကို မလိုလားတဲ့ အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

REF: Gizmo China