၂၀၁၄ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ Samsung ရဲ့ 850 Series SSD တွေဟာဆိုရင် လူကြိုက် အများဆုံး၊ အသုံးဝင်ဆုံး SSD များအဖြစ် အသုံးပြုသူများကြားမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Samsung အနေနဲ့ ၂၀၁၄ နောက်ပိုင်းမှာ SSD မော်ဒယ် အသစ်တွေ ထပ်မံ မိတ်ဆက်ခြင်း မပြုလုပ်တော့ပဲ 850 Evo နဲ့ 850 Pro SSD မော်ဒယ်တွေကို Storage Capacity မြှင့်တင်ပြီး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

အခုအခါမှာတော့ 850 Evo နဲ့ 850 Pro SSD မော်ဒယ်နှစ်ခုကို အဆင့်မြှင့်တင်ထားတဲ့ 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်ခုကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အသစ်ထပ်မံ မိတ်ဆက်လိုက် တဲ့ 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်ခုဟာ အရင်တုန်းက ထွက်ရှိထားတဲ့ 850 Evo နဲ့ 850 Pro တို့ထက် သိသိသာသာ ပြောင်းလဲသွားခြင်းတော့ မရှိပါဘူး။

အရင်တုန်းက ထွက်ရှိထားတဲ့ 850 Evo နဲ့ 850 Pro မော်ဒယ်တွေမှာ 48-Layer 3D NAND နဲ့ အတူ LPDDR3 DRAM ကို အသုံးပြုထားပေမယ့် အသစ်ထွက်ရှိလာမယ့် 860 Evo နဲ့ 860 Pro တို့မှာ 64-Layer 3D NAND နဲ့ LPDDR4 DRAM ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ ဒါ့အပြင် 860 Evo နဲ့ 860 Pro SSD မော်ဒယ်နှစ်ခုမှာ နောက်ဆုံးပေါ် MJX SSD Controller ကို အသုံးပြုထားပါတယ်။

အရင်တုန်းက ရောင်းချခဲ့သလိုပဲ Samsung အနေနဲ့ Buget Series ဖြစ်တဲ့ Evo နဲ့ Premium Series ဖြစ်တဲ့ Pro တို့ကို တစ်ပြိုင်နက် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Pro Series SSD တွေဟာ Buget Series SSD ဖြစ်တဲ့ Evo SSD တွေထက် Overall မှာ နှစ်ဆ ပိုမြန်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ 860 Pro Series SSD တွေမှာ 2-bit MLC နည်းပညာကို အသုံးပြုထားတာ ဖြစ်ပြီး Evo Series SSD တွေမှာတော့ ဈေးသက်သာတဲ့ 3-bit MLC 3D NAND (TLC) နည်းပညာကို အသုံးပြုထားတာကြောင့် ဖြစ်ပါတယ်။

860 Evo Series SSD တွေကို ၂.၅ လက်မ အရွယ်အစားရှိ 4TB, 2TB, 500GB, 250GB Storage ပါဝင်တဲ့ မော်ဒယ်အပြင် 2TB, 1TB, 500GB, 250GB Storage ပါဝင်တဲ့ m2 SSD အဖြစ် လည်းကောင်း 1TB, 500GB, 250 Storage ပါဝင်တဲ့ mSATA SSD အဖြစ် လည်းကောင်း ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ 250GB မော်ဒယ်တွေကို $94.99 (မြန်မာငွေ ၁သိန်း ၂သောင်းဝန်းကျင်)၊ 4TB မော်ဒယ်တွေကို $1399.99 (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

860 Pro Series SSD တွေကို 4TB, 2TB, 1TB, 512GB, 256GB Storage ပါဝင်တဲ့ ၂.၅ လက်မ မော်ဒယ် အနေနဲ့သာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ $139.99 (မြန်မာငွေ ၁သိန်း ၈သောင်း ဝန်းကျင်) ကနေ $1899.99 (မြန်မာငွေ ၂၅ သိန်း ဝန်းကျင်)ကြားမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။