ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Transparent ဗားရှင်းတွေဟာ စမတ်ဖုန်း OEMs အချို့အတွက် ခေတ်အလိုက်၊ ခေတ်အကြိုက် ရောင်းကုန်တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထုတ်ခဲ့တဲ့ Xiaomi Mi 8 Explorer ဟာ Transparent ဗားရှင်းနဲ့ ပထမဆုံးမော်ဒယ်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Lenovo Legion Pro ကလည်း Transparent ဒီဇိုင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပါပဲ။ အခုအချိန်မှာ Transparent ဒီဇိုင်းနဲ့ စမတ်ဖုန်းတွေ Trendy ဖြစ်နေတယ်ဆိုပေမယ့် Apple ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက Mac PC ကို Transparent casing ဒီဇိုင်းနဲ့ ရှေ့ပြေးပုံစံထုတ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Apple ရဲ့ Macintosh PC ရှေ့ပြေးပုံစံဟာ တွစ်တာပေါ်မှာ ထွက်ပေါ်လာခဲ့တာကို တွေ့မြင်လိုက်ကြရပါတယ်။ ဒီရှေးဟောင်း Mac ဟာ သူ့ခေတ်တုန်းကတော့ ထူးခြားတဲ့ပုံစံနဲ့ ဖြစ်ခဲ့ပါလိမ့်မယ်။ လုံးဝကို ထွင်းဖောက်မြင်ရတဲ့ Casing နဲ့လေးထောင့်ဗီရိုအပုလေးပုံစံကွန်ပျူတာဟာ ဒီနေ့ခေတ်လူငယ်တွေအမြင်မှာတော့ ရယ်စရာဖြစ်နေနိုင်ပါတယ်။

CRT မျက်နှာပြင်ကြီးက အပေါ်ဘက်ရဲ့နေရာအတော်များများကို ရယူထားတာဖြစ်ပြီး ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းတွေကတော့ အောက်ခြေမှာ ထားရှိတာ ဖြစ်ပါတယ်။ ဖောက်ထွင်းမြင်နိုင်တဲ့ ပလတ်စတစ်အကြည်ကိုယ်ထည်ကြောင့် အတွင်းအစိတ်အပိုင်းတွေသာမက “Made in Singapore” ဆိုတဲ့ စာလုံးတွေကိုပါ မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွစ်တာကဒီပို့စ်ကြောင့် Apple fan တွေအနေနဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ကတည်းက Transparent ဒီဇိုင်းကို စခဲ့တာပါဆိုပြီး ဂုဏ်ယူလို့ရသွားမှာ အမှန်ပါပဲ။

Ref: Gizmochina