COVID-19 စတင်ပေါ်ပေါက်လာတာက တရုတ်နိုင်ငံဖြစ်ပေမယ့် လက်ရှိအခြေအနေတွေနဲ့ တရားဝင် ကိန်းဂဏန်းတွေအရ အထိနာနေတဲ့နိုင်ငံထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံက ထိခိုက်နေတာလည်း မျက်မြင်ပဲ ဖြစ်ပါတယ်။

အမေရိကန်မှာ ကပ်ရောဂါပျံ့နှံ့နေတာကြောင့် စက်ရုံအလုပ်ရုံနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်နားထားရတာဖြစ်ပြီး ဆုံးရှုံးမှုတွေဖြစ်ပေါ်နေကြတဲ့ထဲမှာ Apple ကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ကနဦးသတင်းတွေမှာတော့ Apple ရဲ့ ထိခိုက်နစ်နာမှုဟာ မပြောပလောက်တဲ့ ပမာဏဖြစ်ပေမယ့် အခုထွက်လာတဲ့ စစ်တမ်းအရ အမေရိကန်ကုမ္ပဏီကြီးဟာ ကပ်ရောဂါစဖြစ်ကတည်းက အခုအချိန်ထိဆို ရောင်းအားက ၄၈% အထိ ကျဆင်းလာတာကို တွေ့မြင်နိုင်ပါတယ်။

Counterpoint ရဲ့ စစ်တမ်းအရ သီတင်းပတ် ၉ ပတ်မြောက် (ဖေဖော်ဝါရီ ၂၃−၂၉) မှာ Apple ဟာ iPhone အလုံးရေပေါင်း ၃ သန်းနီးပါး ရောင်းချရခဲ့ပေမယ့် သီတင်းပတ် ၁၃ ပတ် (မတ်လ ၂၂−၂၈) မှာတော့ ရောင်းအားဟာ ယူနစ် ၁.၅ သန်းအောက်သာ ရှိတော့တာ ဖြစ်ပါတယ်။ အနေအထားကတော့ လာမယ့် ရက်သတ္တပတ်တွေမှာလည်း ရောင်းအားကျဆင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေမယ့် အနေအထား ဖြစ်ပါတယ်။

Counterpoint ကတော့ သီတင်းပတ် ၁၅ ဖြစ်တဲ့ (ဧပြီလ ၅−၁၁) အကြားမှာ အနည်းဆုံးရောင်းချတဲ့အခြေအနေ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကတော့ အချိန်ယူလုပ်ဆောင်ရဦးမှာဖြစ်တဲ့အတွက် လတ်တလောအနေနဲ့ ခန့်မှန်းဖော်ပြချက်အဖြစ်ပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Ref: GSM Arena