Ferrari လို့ ဆိုလိုက်တာနဲ့ အင်ဂျင်ပါဝါအမြင့်စားတပ်ဆင်ထားတဲ့ ပြိုင်ကားတွေကိုပဲ အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဆိုတာကို လူတိုင်းသိပြီးဖြစ်မှာပါ။ အခုလိုမျိုး နှစ်ပေါင်း ၇၀ ကျော် အရည်အသွေးအရရော စျေးနှုန်းအရပါ မြင့်မားတဲ့ ပြိုင်ကားတွေကို ထုတ်လုပ်နေတဲ့ Ferrari ကုမ္ပဏီကလည်း အခုဆိုရင် လျှပ်စစ် EV ကားတွေကို ထုတ်လုပ်ဖို့ အသင့်ပြင်နေပြီလို့ သိရပါတယ်။

ဒါက နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Ferrari ဟာ Maranello ၊ Italy နိုင်ငံအတွင်းမှာ Electric Supercar တွေနဲ့ တခြား Next Generation Powertrain တွေ ထုတ်လုပ်ဖို့အတွက် စက်ရုံအသစ်ကို တည်ဆောက်နေပြီဖြစ်ပါတယ်။ အဆိုပါ စက်ရုံကို ယခုနှစ် ၂၀၂၄ ခုနှစ်ထဲမှာ ဖွင့်နိုင်အောင် ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Ferrari ကနေ အခုလိုမျိုး လျှပ်စစ်ကားတွေထုတ်လုပ်ဖို့အတွက် သီးသန့် စက်ရုံတည်ဆောက်နေတာဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ စတင်ပြီး လျှပ်စစ်စွမ်းအင်ကိုပဲ အသုံးပြုထားမယ့် EV ကားအသစ်ကို မိတ်ဆက်ထုတ်လုပ်နိုင်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဆိုပါ စက်ရုံကနေ တစ်နှစ်ကို လျှပ်စစ်ကားပေါင်း အစီးရေ ၁၅,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါ့အပြင် အဆိုပါ စက်ရုံအသစ်ဟာ လျှပ်စစ်ကားတွေတင်မဟုတ်ဘဲ Hybrid နဲ့ Plug-in Hybrid System တွေလိုမျိုး Next-gen Powertrain တွေကိုပါ တွဲဖက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Ferrari ပြိုင်ကားတွေကို EV အနေနဲ့ မလိုချင်တဲ့ Customer တွေအတွက်ပါ ရွေးချယ်စရာရှိနေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Ferrari လိုမျိုး ကုမ္ပဏီကပါ EV လျှပ်စစ်ကားထုတ်လုပ်မှုပိုင်းကို အခုလိုမျိုး ဝင်ရောက်လာတာက နောက်ပိုင်း မော်တော်ကားစျေးကွက်မှာ ပြောင်းလဲမှုတွေကို ဆက်လက်မြင်တွေ့ရဖို့ သေချာနေပါပြီ။

Ref – Gizmo China