လက်ရှိကွန်ဆိုးဂိမ်းစက်ပြိုင်ပွဲမှာ Microsoft အနေနဲ့ Sony PlayStation 4 အပေါ် အသာရထားတာ တစ်ခုက Xbox One ဟာ အရင်မျိုးဆက် Xbox ဂိမ်းတွေကို ပြန်လည်ဆော့ကစားနိုင်စေတဲ့ Backward Compatibility ပါဝင်တာပါ။ ဒါ့ကြောင့် အခုလာမယ့် မျိုးဆက်သစ် PS5 မှာရော အနိမ့်ဆုံးအနေနဲ့ PS4 ပလက်ဖောင်းပေါ်က ဂိမ်းတွေကို ပြန်ဆော့နိုင်မလား ဆိုတာ တော်တော်များများစိတ်ဝင်စားနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာတော့ PS5 ရဲ့ ဦးဆောင်ဗိသုကာတစ်ယောက်ဖြစ်တဲ့ Mark Cerny က PS5 မှာ PS4 ပေါ်က လူဆော့ကစားမှုအများဆုံး ဂိမ်းတစ်ရာကို ပြန်လည်ကစားနိုင်မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ PS4 ပေါ်က ဂိမ်းတွေကို နည်းပညာအများကြီးပိုမြင့်တဲ့ PS5 ပေါ်မှာ ကစားနိုင်ဖို့အတွက် ဂိမ်းတစ်ခုချင်းစီ ပြန်လည်စစ်ဆေးပြောင်းလဲရမှာ ဖြစ်ကြောင်း Mark က ပြောကြားခဲ့ပါတယ်။

PS4 ပေါ်မှာ ကစားသမားတွေရဲ့ Playtime ကြာချိန် အများဆုံးဂိမ်းတစ်ရာကို ပြန်လည်စမ်းသပ်ရာမှာ ရလဒ်က ကျေနပ်စရာကောင်းကြောင်းနဲ့ PS5 ထွက်ချိန်မှာ အချို့ကို တန်းပြီး ကစားနိုင်လောက်တယ်လို့ သူကဆိုခဲ့ပါတယ်။

PS5 ရဲ့စွမ်းဆောင်ရည်နဲ့ Specs တွေကိုလည်း အခုချိန်မှာ သိရှိနေရပြီဖြစ်တာကြောင့် ဂိမ်းအဟောင်းတွေကို ဆော့ရမယ်ဆိုရင်တောင် ပိုမြန်တဲ့ Loading Times ကြာချိန်၊ ပိုကောင်းတဲ့ ဂရပ်ဖစ်နဲ့ စွမ်းဆောင်ရည်တွေ ရရှိနိုင်အောင် ပြန်လည်ပြုပြင်ရမှာ ခန့်မှန်းမိလောက်ပါပြီ။

ဒါပေမယ့် ဂိမ်းစက်နှစ်ခုရဲ့ နည်းပညာကွာခြားချက်က မြင့်မားတာကြောင့် PS4 ပေါ်မှာ ထွက်ခဲ့သမျှ ဂိမ်းတိုင်းကိုတော့ PS5 ဂိမ်းစက်အသစ်ကြီးပေါ်မှာ ဆော့ကစားနိုင်မှာမဟုတ်သလို ထွက်ထွက်ချင်းလည်း ရရှိနိုင်ဖို့ ခက်ခဲနေမှာပါ။ ဘာပဲဖြစ်ဖြစ် ၂၀၂၀ အားလပ်ရက်ရာသီမှာတော့ မျိုးဆက်သစ်ဂိမ်းစက်တွေရဲ့ တိုက်ပွဲက ကြည့်ကောင်းဦးမှာ အမှန်ပါပဲ။

Ref – Dotesports