Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Pocophone F1 ဟာ လက်ရှိအချိန်မှာ လူတိုင်းနီးပါးလိုချင်နေကြတဲ့ စမတ်ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါကလည်း Xiaomi ကနေ အဆိုပါ Pocophone F1 ကို Specification ပိုင်းအနေနဲ့ လက်ရှိ Flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ထည့်သွင်းထားပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀၀ ကနေ စတင်ရောင်းချလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး Flagship Specification တွေဖြစ်တဲ့ Qualcomm Snapdragon 845 Processor ၊ 6GB RAM ၊ 4000mAh Battery ၊ Liquid Cooling စတဲ့ စနစ်တွေပါဝင်တဲ့ Pocophone F1 ဟာ Build Quality ပိုင်းမှာ Polycarbonate ဖြစ်နေတာကလွဲရင် သိသိသာသာကို ဒါက ဒေါ်လာ ၃၀၀ တန် စမတ်ဖုန်းလို့ ထင်ရက်စရာမရှိအောင်ဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုသိရတဲ့သတင်းတွေအရတော့ Xiaomi ဟာ ဒီလိုမျိုး ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချရဖို့အတွက် Build Quality အပြင် အနည်းငယ်လျော့လိုက်ရတဲ့အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ Netflix လိုမျိုး Services တွေကနေ HD Video တွေကို ကြည့်လို့ မရတာပဲဖြစ်ပါတယ်။

အဲ့ဒါကဘာကြောင့်လဲဆိုရင်တော့ Pocophone F1 ဟာ Widevine L1 ကို Support ပြုလုပ်ခြင်းမရှိတဲ့အတွက် နာမည်ကြီး Streaming Service တွေဖြစ်တဲ့ Netflix ၊ Amazon Video ၊ Hulu ၊ BBC နဲ့ အခြားသော Services တွေအကုန်လုံးနီးပါးကနေ HD Video တွေကို ကြည့်ရှုနိုင်မှာမဟုတ်ပါဘူး။ အခု Widevine စနစ်ဟာ DRM ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီးတော့ 720p HD Resolution နဲ့ အထက်ကို Stream ကြည့်ရှုချင်တယ်ဆိုရင် L1 ကို Support ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Pocophone F1 ဟာ L1 အစား L3 ကိုပဲ Support ပြုလုပ်တဲ့အတွက် 540p Video တွေကိုပဲ ကြည့်ရှုနိုင်တော့မှာပါ။

ပိုဆိုးတဲ့အချက်ကတော့ အခု Widevine L1 ကို Support ပြုလုပ်ဖို့အတွက် System Update လုပ်ရုံနဲ့တင်မရဘဲ Service Center မှာ သွားရောက်လုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ Xiaomi Mi 8 အပါအဝင် Xiaomi က ထုတ်လုပ်ထားတဲ့ ဖုန်းအများအပြားလည်း အလားတူ ပြဿနာဖြစ်နေတယ်လို့ သိရပါတယ်။