လက်ရှိအချိန်မှာ Facebook ၊ Twitter အပါအဝင် တခြားသော Social Media Account တွေဟာ ပိုပြီးအရေးပါတဲ့နေရာကနေ ပါဝင်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Social Media Account တွေအတွက် လုံခြုံရေးကိုပိုပြီး စိတ်ချရအောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။

အခုပြောသွားမယ့် အချက်တွေကတော့ Facebook ၊ Twitter အပါအဝင် တခြားသော Instagram ၊ Telegram လိုမျိုး Social Media App အများအပြားအတွက် အသုံးချနိုင်တဲ့အချက်တစ်ချို့ဖြစ်ပါတယ်။

(1) အသုံးပြုထားတဲ့ Password တွေကို လုံခြုံအောင် ထိန်းသိမ်းပါ

Social Media Account တွေကို တခြားသူက အလွယ်ကူဆုံးအသုံးနိုင်တယ်ဆိုတာက အဓိကအနေနဲ့ ကိုယ်အသုံးပြုနေတဲ့ Password တွေကို သိရှိသွားတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့် Password တွေကို တစ်နေရာမှာ ချရေးထားတာမျိုး၊ Notes မှာ မှတ်ထားတာမျိုး မလုပ်မိဖို့လိုအပ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ခန့်မှန်းလွယ်တဲ့ မွေးနေ့လိုမျိုး နံပါတ်တွေအသုံးပြုတာ၊ ဖုန်းထဲမှာ Password ကို Auto Fill အနေနဲ့ သိမ်းဆည်းထားတာမျိုးကိုလည်း ရှောင်ကျဥ်သင့်ပါတယ်။ Social Media Account တွေအကုန်လုံးအတွက် တူညီတဲ့ Password တစ်ခုတည်းကို အသုံးပြုတာမျိုးကလည်း မပြုလုပ်သင့်တဲ့အချက်ထဲမှာ ပါဝင်ပါတယ်။

(2) Login ပြုလုပ်တဲ့အချိန်မှာ တခြားသူတွေ မတွေ့မြင်ပါစေနဲ့

ဒါကတော့ ကိုယ်ပိုင် Device တွေမှာ Login ပြုလုပ်တာတင်မဟုတ်ဘဲ တခြားသော Device တွေမှာ Social Media Account ကို Login ပြုလုပ်ရမယ်ဆိုရင် အကောင်းဆုံးက တစ်ယောက်တည်းရှိနေတဲ့အချိန်မှာပဲ ဝင်ရောက်သင့်ပါတယ်။ တခြားသော Device တွေမှာ အသုံးပြုမယ်ဆိုရင် Browsing History ကို ပြန်လည်ကြည့်ရှုနိုင်ခြင်းမရှိတဲ့ Browser က Incognito Mode ကိုပဲ အသုံးပြုပါ။

(3) ကိုယ်နဲ့ မသိတဲ့သူတွေဆီက Website Link တွေကို အလွယ်တကူမနှိပ်ကြည့်ပါနဲ့

ဒီအချက်က Social Media Account တွေ Hack ခံရဖို့ အလွယ်ကူဆုံးအချက်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Phishing Link လို့ ခေါ်ဆိုနိုင်တဲ့ Website Link တွေကနေတစ်ဆင့် ကိုယ့် Account ရဲ့ Login Information ကို ရယူနိုင်တဲ့အတွက် မသိတဲ့သူတွေဆီကနေ Website Link ပါဝင်တဲ့ Message တွေကို ရရှိတယ်ဆိုရင် ဖွင့်ကြည့်တာ သို့မဟုတ် ပြန်လည်မျှဝေတာကို မပြုလုပ်မိဖို့ အရေးကြီးပါတယ်။

နောက်ထပ်လည်း ကိုယ့်အသိတွေထဲမှာလည်း Account Hack ခံရပြီး ပေးပို့တာမျိုးရှိနိုင်တဲ့အတွက် Website Link ကို သံသဃရှိတယ်ဆိုရင် ချက်ချင်းမေးမြန်းပြီးမှ ဝင်ရောက်သင့်ပါတယ်။

(4) 2-Factor Authentication Application တွေကို အသုံးပြုပါ

Social Media Account တွေကို လုံခြုံဖို့ဆိုရင် အဓိကအနေနဲ့ ဖုန်းနံပါတ်ကို Verification Code ပေးပို့ပြီးမှ ဝင်ရောက်နိုင်တဲ့ 2-Factor Authentication စနစ်ကို အသုံးပြုထားသင့်ပါတယ်။ အဲ့ဒီထက်ပိုပြီး လုံခြုံစေချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်ကို SMS ပို့တာမျိုးမဟုတ်ဘဲ 2-Factor Authentication App တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Google Authenticator App နဲ့ Microsoft Authenticator App ၂ မျိုးစလုံးက Android နဲ့ iOS ၂ မျိုးလုံးအတွက် အသုံးပြုနိုင်သလို အသုံးပြုရတာလည်း လွယ်ကူမှာဖြစ်ပါတယ်။ ဒီလိုမျိုး Application သီးသန့်နဲ့ အသုံးပြုတာက ဖုန်း SIM Card ကို မှီခိုစရာမလိုအပ်တဲ့အတွက် Mobile Network မရတဲ့အခြေအနေမျိုးမှာပါ အသုံးပြုနိုင်မှာပါ။

(5) Security Checkup တွေကို ပုံမှန်ပြုလုပ်ပေးပါ

Google ၊ Facebook အပါအဝင် Social Media အများစုဟာ လက်ရှိ ဘယ် Device မှာ အသုံးပြုနေတယ်ဆိုတာကို Settings – Security ကနေတစ်ဆင့် ပြန်လည်စစ်ဆေးနိုင်ပါတယ်။ အဲ့ဒီအတွက် အနည်းဆုံး တစ်ပါတ်ကို တစ်ကြိမ်ခန့် ပြန်လည်စစ်ဆေးသင့်ပြီး ကိုယ်မသိတဲ့ Device တွေမှာ Login ဝင်ထားမိတယ်ဆိုရင် ချက်ချင်းပြန်လည် Remove ပြုလုပ်တာ၊ Password ပြောင်းလဲတာတွေကို ပြုလုပ်သင့်ပါတယ်။

အခုပြောသွားတဲ့အချက်တွေကတော့ Facebook အပါအဝင် Social Media အများစုမှာ အသုံးပြုနိုင်တဲ့ လုံခြုံရေး Feature တွေဖြစ်ပါတယ်။ Facebook ဆိုရင် အခုနောက်ပိုင်းမှာ ကိုယ့် Profile ကို သူငယ်ချင်းတွေကလွဲပြီး ဝင်မကြည့်နိုင်တဲ့ Profile Lock လိုမျိုး Feature တွေကိုလည်း ထုတ်ပေးလာသလို Twitter ၊ Instagram မှာလည်း Private Account လိုမျိုး သီးသန့် Feature တွေလည်းရှိသေးတဲ့အတွက် အသုံးပြုတဲ့ပေါ်မှုတည်ပြီး စိတ်ကြိုက်ပြင်ဆင်ထားသင့်ပါတယ်။

Ref – Facebook Help