ဥရောပအခြေစိုက် Team Secret အသင်းဟာ လက်ရှိ ယှဉ်ပြိုင်နေတဲ့ OMEGA League: Europe Immortal ပြိုင်ပွဲ မှာလည်း သုံးပွဲဆက်တိုက် အနိုင်ရထားပြီး ပုံစံကောင်းကို ဆက်လက်ပြသလျက်ရှိပါတယ်။ Vikin.gg အသင်းကို အနိုင်ရပြီးနောက် Team Secret ရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့ Puppey ကို အင်တာဗျူးခဲ့ရာမှာ Team Secret ရဲ့ ရှုံးနိမ့်မှုတွေအပေါ် သဘောထားနဲ့ အသင်းအပေါ် သူ့ရဲ့ စမ်းသပ်ချက် တွေအကြောင်း ပြောကြားခဲ့ပါတယ်။

အွန်လိုင်းပြိုင်ပွဲများ အဖြစ် ပြောင်းလဲ ယှဉ်ပြိုင်နေရချိန်မှာတောင် နိုင်ပွဲအများဆုံး စံချိန်ရတဲ့ထိ အောင်မြင်နေတဲ့ Puppey ကို အနိုင်ပဲ ရနေတာ မပျင်းဘူးလားလို့ မေးမြန်းခဲ့ရာမှာ သူက ရှုံးနိမ့်မှုကို မုန်းတီးကြောင်းနဲ့ အမြဲတမ်း နိုင်နေလည်း အဆင်ပြေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်က ရှုံးရမှာကို မကြိုက်တာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံး ပြဿနာလို့ ထင်တယ်။ ကျွန်တော်တို့ အားလုံး ရှုံးရတာကို မုန်းတယ်ဗျ။ အမြဲတမ်း အကောင်းဆုံး ဆော့နေတာလို့ မပြောနိုင်ပေမယ့် တစ်ခါလောက် ရှုံးလိုက်တာနဲ့ ပြန်ပြီး အာရုံစိုက်ကြပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ရှုံးနိမ့်ချိန်ဆိုတာတော့ အနှေးနဲ့ အမြန် ရောက်လာဦးမှာပါပဲ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူ့ရဲ့ တွဲဖက် Support ကစားသမား ဖြစ်တဲ့ YapzOr ရဲ့ Position 4 နေရာမှာ သူ့အတွက် Item ရှာပြီး ကစားတဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး “အဲ့ဒါ သူ့အပိုင်း လုံးဝ ဖြစ်နေပြီ။ သူ့ကို အော်လို့လည်း အလုပ်မဖြစ်ဘူး။ သူ ဝယ်ချင်တာ ဝယ်မှာပဲ။ ဒီအသင်းထဲ သူရောက်နေတာ ဆယ်နှစ်လောက် ရှိသလို ခံစားနေရတော့ အခု MKB (Monkey King Bar) ဝယ်ချင်လည်း ဝယ်လို့ရနေပြီ ဆိုတာ သူသိနေပြီလေ။ သူပျော်ရင် ဘာမဆို လုပ်လို့ရပါတယ်” လို့ပဲ ပြန်ဖြေကြားခဲ့ပါတယ်။

Vikin.gg ပွဲမှာ အငြင်းပွားဖွယ် Omniknight ဟီးရိုးကို ရွေးချယ်ခဲ့မှု အပါအဝင် အများနဲ့ ကွဲပြားတဲ့ သူ့ရဲ့ Draft စမ်းသပ်မှုကို မေးမြန်းခဲ့ရာမှာတော့ သူက ခြုံကြည့်ရင် စမ်းသပ်တယ်လို့ ပြောလို့ မရကြောင်းနဲ့ အလုပ်ဖြစ်မယ်လို့ ထင်တဲ့ ဟီးရိုး တွေကိုသာ ရွေးချယ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Team Secret ဟာ လက်ရှိမှာ OMEGA League ပြိုင်ပွဲ အုပ်စုအဆင့်ကိုလည်း ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ ဦးဆောင်နေပြီး ဥရောပ ထိပ်သီးအသင်းတွေကို ဆက်တိုက် အနိုင်ယူထားပါတယ်။ အရာအားလုံး အရင်လို ပြန်မဖြစ်သရွေ့ အွန်လိုင်းပဲ ကစားရဖို့ များနေတဲ့ အခြေအနေမှာ သူတို့ရဲ့ ပလ္လင်ကို ဘယ်သူက လုယူနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

Ref – AFKGaming