ပြီးခဲ့တဲ့ လပိုင်း အတွင်း Omega League က Dota 2 အွန်လိုင်းပြိုင်ပွဲကြီးတွေကို စဉ်ဆက်မပြတ် ကျင်းပပေးနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိ Omega League ပြိုင်ပွဲ အပြီးမှာ နောက်ထပ် ကြည့်ရှုစရာ ပြိုင်ပွဲကြီးတွေ မရှိတော့မှာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

တစ်နေ့ကတော့ Valve က ပြိုင်ပွဲကြီးများစွာကို ထပ်မံစီစဉ်နေပြီး မကြာခင်မှာ ကြေညာသွားမယ်လို့ အာမခံထားပါတယ်။ ဒါ့ကြောင့် နှစ်စကနေ ဆိုင်းငံ့ထားတဲ့ Dota 2 ပွဲစဉ်တွေကိုလည်း သိပ်မကြာတော့တဲ့ ကာလမှာတော့ သေချာပေါက် ကြည့်ခွင့်ရတော့မှာပါ။ ဒီကြားထဲမှာ အဆက်မပြတ် ကြည့်ရှုအားပေးနိုင်ဖို့အတွက်လည်း ကြေညာထားတဲ့ Dota 2 ပြိုင်ပွဲကြီး တွေကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်အခြေစိုက် LAN Dota 2 ပြိုင်ပွဲကြီး – China Dota 2 Pro Cup Season 1

ကပ်ဘေးစဖြစ်ကတည်းက Dota 2 LAN ပြိုင်ပွဲအားလုံးကို ရပ်နားခဲ့ရပြီး အခုမှ တရုတ်အခြေစိုက် ImbaTV က ပထမဆုံး ပြန်လည်ကျင်းပဖို့ ကြေညာလိုက်ပါတယ်။ Dota2 Pro Cup Season 1 မှာ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ 80,000 ပေးအပ်သွားမှာပါ။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး အသင်းတွေဖြစ်တဲ့ Vici Gaming ၊ PSG.LGD ၊ RNG နဲ့ Team Aster အသင်းတို့ ပါဝင်ယှဉ်ပြိုင်တာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

တိုက်ရိုက်ဖိတ်ခေါ်အသင်း ၈ သင်း နဲ့ လက်ရည်စစ်ပွဲနိုင်အသင်း ၂ သင်း၊ စုစုပေါင်း ဆယ်သင်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အုပ်စုအဆင့် ပွဲစဉ်တွေကို စက်တင်ဘာ ၁၇ ရက်နေ့မှာ စတင် ကျင်းပသွားမှာပါ။ အုပ်စုအဆင့်ပွဲစဉ်တွေကို စက်တင်ဘာ ၂၈ ရက်အထိ ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ ရှုံးထွက်ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရှုံးထွက်ပွဲစဉ်တွေက စက်တင်ဘာ ၂၉ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ထိ LAN Setting မှာ ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲ ကျင်းပတဲ့ နေရာကို ပရိသတ် အယောက် ၁၀၀ ကနေ ၂၀၀ အထိ ဝင်ရောက်အားပေးခွင့်ပြုမယ်လို့ ImbaTV က အတည်ပြု ပြောကြားထားပါတယ်။

OGA Dota PIT Season 3: Europe/CIS နဲ့ China

ဒီပြိုင်ပွဲကြီးကတော့ နှစ်နေရာခွဲ ကျင်းပသွားမှာပါ။ Europe/CIS နိုင်ငံတွေရဲ့ ပွဲစဉ်တွေကို စက်တင်ဘာလ ၂၀ ကနေ ၂၆ အထိ ကျင်းပသွားမှာ ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ 175,000 အထိ ပေးသွားမှာပါ။ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကတော့ စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်းက အမေရိကန်ဒေါ်လာ 90,000 လို့ သိရပါတယ်။

JJB Esports League Asia: တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများ

ဒီပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ 50,000 ပေးအပ်သွားမယ့် ပြိုင်ပွဲ ကြီးဖြစ်ပါတယ်။ တရုတ်အသင်းတွေနဲ့ အရှေ့တောင်အာရှက အသင်းတွေ ပါဝင်ယှဉ်ပြိုင်ရမယ့် Dota 2 ပြိုင်ပွဲကြီး ဖြစ်ပါတယ်။

The Top Clans 2020: SEA Invitational

ဒီပြိုင်ပွဲကိုတော့ နာမည်ကြီး ဂိမ်းကုမ္ပဏီ NetEase က စီစဉ်ကျင်းပမှာ ဖြစ်ပြီး အရှေ့တောင်အာရှ ဖိတ်ခေါ်အသင်းတွေ ပါဝင်ကာ ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ 20,000 ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အသင်း ၈ သင်းကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

Ref – AFKGaming